“ဘယ်အာဏာရှင်ပဲဖြစ်ဖြစ် သူတို့လုပ်ပါတယ်ဆိုတာကို ဝန်ခံတာမဟုတ်ဘူး၊ သူတို့ မမှားဘူးလို့ဘဲ အမြဲတမ်းပြောမှာပဲ” (အင်တာဗျူး)

By ၀၀၁ (မဇ္ဈိမ)
12 July 2023
“ဘယ်အာဏာရှင်ပဲဖြစ်ဖြစ် သူတို့လုပ်ပါတယ်ဆိုတာကို ဝန်ခံတာမဟုတ်ဘူး၊ သူတို့ မမှားဘူးလို့ဘဲ အမြဲတမ်းပြောမှာပဲ” (အင်တာဗျူး)
ဓာတ်ပုံ- စစ်ကောင်စီတပ်သားတစ်ဦးကို တွေ့ရစဉ်

စစ်ကောင်စီတပ်က မန္တလေးတိုင်း မြင်းခြံထောင်၊ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ကျိုက်စကောထောင်တို့မှ နိုင်ငံရေးအကျဉ်းသားများကို ပြင်ပရှိ PDF များနှင့် ဆက်သွယ်သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ထောင်ပြင်ပသို့ ခေါ်ထုတ်ပြီး စစ်ကြောရေးများတွင် ရိုက်နှက်စစ်ဆေးမှုများကို မေလမှ စတင်ကာ တွေ့လာရသည်။

ထိုသို့ ရိုက်နှက်စစ်ဆေးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများမှာ ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သကဲ့သို့ အချို့မှာ သေဆုံးမှုများလည်း ရှိခဲ့သည်။ 

ထို့နောက် စစ်ကောင်စီက ဇွန်လ ၂၉ ရက်နေ့တွင် မြင်းခြံထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးနှင့် အခြားပြစ်မှုအကျဉ်းသား တစ်ဦးကို သရက်ထောင်နှင့် မကွေးထောင်သို့ ပြောင်းရွှေ့လိုက်သည်။

ဒိုက်ဦး ကျိုက်စကောထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးအား ဇွန်လ ၂၇ ရက်နေ့တွင် ထောင်ပြောင်းရွှေ့မည်ဟုဆိုကာ ခေါ်ထုတ်သွားပြီး ဇူလိုင်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ထိုအထဲမှ ကိုခန့်လင်းနိုင်နှင့် ကိုပြည့်ဖြိုးဟိန်းတို့၏ မိသားစုဝင်များထံသို့ ဒိုက်ဦးမှ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ရာလမ်းခရီး၌ မော်တော်ယာဉ်တိမ်းမှောက်မှုကို အခွင့်ကောင်း ယူကာ ထွက်ပြေးသဖြင့် ပစ်ခတ်ရာ သေဆုံးသွားကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သည်။

ထိုကဲ့သို့ အကျဥ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများ နှိပ်စက် သတ်ဖြတ်ခံနေရသည့် အခြေအနေများနှင့် ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (AAPP) မှ တာဝန်ရှိသူတစ်ဦးကို မဇ္စျိမက ဆက်သွယ်မေးမြန်း ထားသည်။

မေး - မေလကစပြီး နိုင်ကျဉ်းတွေ ပြင်ပခေါ်ထုတ်ခံရပြီး စစ်ကြောရေးမှာ စစ်ဆေးခံရတာတွေ ခပ်စိပ်စိပ်ဖြစ်လာတာ တွေ့ရပါတယ်။ တောင်ငူထောင်မှာ အကျဉ်းသားတွေ လွတ်မြောက်သွားတဲ့ဖြစ်စဉ်နောက်ပိုင်း ဒီလိုမျိုးတွေပိုတွေ့ လာရတယ်ပေါ့။ အဲ့ဒီတော့ မေလကနေ ဇူလိုင်လအထိ ဒီလိုမျိုးခေါ်ထုတ်ခံရတဲ့ နိုင်ကျဉ်းတွေ သေဆုံးမှု အခြေအနေတွေရော ဘယ်လိုရှိလဲ သိပါရစေ။

ဖြေ - အထင်ရှားဆုံးကတော့ အခုဖြစ်ခဲ့တဲ့ ဒိုက်ဦးထောင်ဖြစ်စဉ်ကတော့ လောလောလတ်လတ်မှာ အထင်ရှားဆုံး ဖြစ်တယ်ပေါ့နော်။ ဒိုက်ဦးထောင်ကနေ ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းဖို့ဆိုပြီး ခေါ်ထုတ်သွားတယ်။ ဒါပေမဲ့ အခု ကျွန်တော်တို့ သိထားရသလောက်တော့ မနေ့က statement (ထုတ်ပြန်ချက်) ထုတ်တဲ့အချိန်အထိ အဲ့ဒီအထဲက နှစ်ယောက်ကတော့ သေဆုံးသွားပြီဆိုပြီး အိမ်တွေကို စာပို့တယ်။ ဇူလိုင် ၁၁ ဆိုလို့ရှိရင် နောက်ထပ် တစ်ယောက်ထပ်ပြီးတိုးလာတယ်ပေါ့။ ကိုဂျာလေးဆိုတဲ့ တစ်ယောက်ထပ်တိုးလာတယ်။ အဲ့ဒီအိမ်ကို သေဆုံးသွားပြီဆိုတဲ့ အကြောင်းကြားလာတယ်ပေါ့။ အခုဆိုရင် ကျန်တဲ့သူတွေရဲ့ မိသားစုတွေလည်း စိတ်ပူနေတယ်။ ပြီးရင် မြင်းခြံထောင်မှာဆိုလည်း ထောင်အပြင်ကို ခေါ်ထုတ်သွားပြီး စစ်ကြောရေး လုပ်တယ်။ ဒီစစ်ကြောရေးက ဒဏ်တွေနဲ့ပဲ ဦးစိန်ဝင်းဆိုတဲ့တစ်ယောက်က မြင်းခြံထောင်မှာ ကျဆုံးသွားတယ်ပေါ့။ ဒီလိုဟာမျိုးတွေက အခုကို တော်တော်ကို စိုးရိမ်စရာဖြစ်လာတယ်။
အရင်တုန်းက ကျွန်တော်တို့တွေ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံရစဉ် ကာလတုန်းကဆိုရင် ကျွန်တော်တို့က စစ်ကြောရေးမှာ ညှဥ်းပန်းနှိပ်စက်တဲ့ဒဏ်တွေကို အရမ်းခံရတယ်။ ညှဥ်းပန်းနှိပ်စက်မှုတွေကို ကြုံတွေ့ရတဲ့အခါမှာ ထောင်ကိုပဲရောက်ချင်တယ်။ ထောင်ကို ရောက်လို့ရှိရင် ဒီလိုညှဥ်းပန်းနှိပ်စက်မှုတွေက အားလုံးက ပြီးသွားပြီပေါ့။ အခုက အဲ့ဒီလိုမဟုတ်တော့ဘူး။ စစ်ကြောရေးမှာ ညှဥ်းပန်းနှိပ်စက်ခံရရုံတင်မကဘဲ ထောင်ရောက်တဲ့အခါ ထောင်မှာလာပြီးတော့ ဥပဒေမဲ့ တရားလက်လွတ်တွေ၊ အခုလိုမျိုးကိစ္စတွေ လုပ်နေတယ်ဆိုတဲ့ဟာက တော်တော်ကို ဆိုးဝါးတဲ့ ကိစ္စဖြစ်တယ်။ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်။ မတရားညှဥ်းပန်းနှိပ်စက်မှု ၊ မတရားသတ်ဖြတ်မှုတွေ ဖြစ်နေတယ်ပေါ့နော်။

မေး - မေလကနေ ဇူလိုင်လထဲမှာရော အတည်ပြုထားနိုင်တဲ့စာရင်း စုစုပေါင်း ဘယ်လောက် လောက်ရှိလဲ။

ဖြေ - ကျွန်တော်တို့ အခုပြုစုထားတာ ဒိုက်ဦးထောင်မှာ ဒီသုံးယောက် မတိုင်ခင်မှာလည်း ဒိုက်ဦးထောင်ကနေ အပြင်ကို ခေါ်စစ်ပြီးတော့ နောက်ဆုံး အပူရှပ်လို့ သေသွားတယ်ဆိုပြီးတော့ အိမ်ကို အကြောင်းကြားလာတဲ့ ကိုသန့်ဇင်ဝင်းဆိုတာ သူကတော့ ပထမဦးဆုံးသေဆုံးတာပေါ့။ ဆိုတော့ ဒိုက်ဦးထောင်မှာ လေးယောက်၊ မြင်းခြံထောင်မှာ တစ်ယောက်၊ နောက် သာယာဝတီထောင်မှာတစ်ယောက် ဒီလိုမျိုး ကြားနေတယ်။ အရေအတွက်က အဓိကမဟုတ်ပါဘူး။ အရေအတွက်ဆိုတာ တစ်ရက်ပြီး တစ်ရက်ပိုတိုးလာတယ်။ ပိုများလာတယ်။ ဒါပေမဲ့ အဓိကဖြစ်စဉ်တွေက အရေးကြီးပါတယ်။ ဖြစ်လာရတဲ့ အကြောင်းတရားတွေ ဖြစ်နေတဲ့ အခြေအနေတွေ ဒါတွေကပိုပြီး အရေးကြီးတယ်ပေါ့။

မေး -  အခုသတ်ဖြတ်ခံလိုက်ရတဲ့သူတွေက အများဆုံး ဘယ်လို ပုဒ်မတွေနဲ့ တရားစွဲခံထားရတဲ့သူတွေ ပါဝင်လဲ။

ဖြေ - ပုဒ်မတွေက မျိုးစုံပါပဲ။ အခုနောက်ပိုင်းက သူတို့က စစ်အုပ်စုက ပုဒ်မမျိုးစုံနဲ့ကို မတရားဖမ်းဆီးနေတာ။ အဲ့ဒီတော့ ပုဒ်မတွေကတော့ မျိုးစုံပဲ။ ခွဲခြမ်းစိတ်ဖြာလို့တော့ မရသေးဘူးပေါ့ဗျာ။ ပုဒ်မတွေကတော့ မျိုးစုံနဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေပဲ ဖြစ်တယ်။

မေး - ဒိုက်ဦးထောင်က ၃၇ ဦးပျောက်ဆုံးတာနဲ့ ပတ်သက်လို့ အခုနောက်ဆက်တွဲ ဘယ်လိုမျိုး သိထားရတာတွေ ရှိလဲ။

ဖြေ - အဓိက ကျွန်တော်တို့ သိထားရတာက ထောင်ပြောင်းဖို့ဆိုပြီး ၃၇ ဦး ခေါ်ထုတ်သွားတယ်။ ကျန်တဲ့သူတွေလည်း ပျောက်နေတယ်။ အဲ့ဒီတော့ statement ထုတ်တဲ့အထိ နှစ်ယောက်အိမ်ကို အကြောင်းအကြားတယ်။ ဒီနေ့တစ်ယောက်ထပ်ပြီး အကြောင်းကြားတယ်။ အဲ့ဒီတော့ ကျန်တဲ့သူတွေလည်း ဘယ်ရောက်လို့ ရောက်မှန်းမသိသေးဘူး။ မိသားစုတွေလည်း လုံးဝ အဆက်အသွယ်မရသေးဘူး။ ဒါကြောင့်မလို့ ကျန်တဲ့လူတွေအတွက်လည်း စိုးရိမ်စရာ ဖြစ်နေတာပေါ့။

မေး -  AAPP ရဲ့ ထုတ်ပြန်ချက်ထဲမှာ အာဏာသိမ်းတဲ့ အချိန်ကစပြီး အကျဉ်းထောင်နဲ့ စစ်ကြောရေးမှာ သတ်ဖြတ်ခံရတာ ၁၅၀ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒီလိုမျိုးသတ်ဖြတ်ခံရမှုတွေက ဘယ်ကာလတွေမှာ အမြင့်ဆုံးဖြစ်ခဲ့တာကို တွေ့ရလဲ။

ဖြေ - ဒီဘက်နောက်ပိုင်းမှာ ပိုပြီးတော့ များလာတာပေါ့။ ကြာလေ များလေ ဖြစ်လာတာပေါ့။ အဓိက ဒီစစ်အုပ်စုက ရှုံးမဲ မဲလာတယ်။ ရှုံးမဲ မဲလာပြီးတဲ့အခါမှာ သူတို့ အဖက်ဖက်မှာ ကျဆုံးနေတယ်။ ပြည်သူထောက်ခံမှုရလားဆိုလည်း မရဘူး။ ပြည်သူတွေက ဒီနွေဦးတော်လှန်ရေးဘက်မှာပဲ အပြည့်အဝ ရပ်နေတယ်။ ဒါကကျွန်တော်တို့ ဒီပန်းသပိတ်တို့၊ အသံတိတ်သပိတ်တို့၊ မီးပိတ်သပိတ်တို့ ဒီလိုဟာမျိုးတွေကို ကြည့်လို့ရှိရင် အရမ်းသိသာတယ်။ ကျွန်တော်တို့ အခုဆိုရင် နိုင်ငံတကာ အခင်းအကျင်းကို ကြည့်မယ်ဆိုရင် သူတို့ စစ်အုပ်စုကို ထောက်ခံတဲ့နိုင်ငံဆိုတာ လက်နှစ်ဖက်တောင် ပြည့်မှာမဟုတ်ဘူး။ ဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာ စစ်အုပ်စုက တဖြည်းဖြည်းနဲ့ ပိုပြီးတော့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို လုပ်လာတယ်။

မေး - စစ်ကောင်စီကတော့ နိုင်ကျဉ်းတွေ သေဆုံးတာနဲ့ ပတ်သက်လို့ သူ့မိသားစုကို အကြောင်းကြားတဲ့အခါ ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ထွက်ပြေးလို့လုပ်လိုက်ရတယ်လို့ ပြောတယ်ပေါ့နော်။ ဒါနဲ့ပတ်သက်လို့ရော ဘာများပြောချင်လဲ။

ဖြေ - ဒါကတော့ ဘယ်အာဏာရှင်ပဲဖြစ်ဖြစ် သူတို့လုပ်ပါတယ်ဆိုတာကို ဝန်ခံတာမဟုတ်ဘူး။ သူတို့ မမှားဘူးလို့ပဲ အမြဲတမ်းပြောမှာပဲ။ ဒါပေမဲ့ သေချာတာတခုကတော့ အကျဉ်းထောင်တွေ အခုလိုမျိုး စစ်ကြောရေးမှာ ကျဆုံးသွားတဲ့သူတွေ မတရားခံခဲ့ရတဲ့ ပြည်သူတွေ သူတို့တွေပေးဆပ်လိုက်ရတာက အလဟသ မဖြစ်စေရပါဘူးပေါ့နော်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားမျှတမှု ရဖို့အတွက်ကို ကျန်ခဲ့တဲ့သူတွေအားလုံးက ဝိုင်းပြီး ဆက်ပြီး ကြိုးစားသွားကြမှာပေါ့။ ဒီလိုမျိုးပေးဆပ်ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး သေချာပေါက် တရားမျှတမှု ပြန်လည်ရကို ရရှိရမယ်။ အခုလိုကိစ္စတွေမှာ ပူးပေါင်းပါဝင်တဲ့သူတွေ၊ ကိုယ်တိုင်ကိုယ်ကျ ကျူးလွန်တဲ့သူတွေ ဘေးနားကနေ အားပေးအားမြှောက် လုပ်နေတဲ့သူတွေအားလုံးဟာ တစ်ချိန်မှာ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ၊ ထိုက်တန်တဲ့ အပြစ်ပေးအရေးယူမှုတွေကို ခံရမှာဖြစ်တယ်။ ဒီလို အပြစ်ပေးအရေးယူနိုင်ဖို့အတွက်လည်း ကျွန်တော်တို့တွေ အားလုံးဝိုင်းဝန်း ကြိုးစားရမှာဖြစ်တယ်။

မေး - ဒိုက်ဦးထောင်မှာ အကျဉ်းသား ၃၇ ဦးထဲမှာ သုံးဦးသေဆုံးတယ်ဆိုပြီး စစ်ကောင်စီဘက်က အကြောင်းကြားလာတယ်ပေါ့။ အာဏာသိမ်းကာလမှာ ဒီ ၃၇ ဦးလို ပျောက်ဆုံးတာဖြစ်ဖြစ် ဘယ်ရောက်မှန်းမသိ အဆက်အသွယ်ပြတ်တောက်နေတဲ့သူတွေ တခြားအကျဉ်းထောင်တွေမှာရော ဘယ်လောက်လောက်ရှိနေလဲ။

ဖြေ - ဘယ်လောက်လောက်ရှိတယ်ဆိုတဲ့ အရေအတွက် ကိန်းဂဏန်းတွေတော့ မသိဘူးဗျ။ နေရာတော်တော်များများမှာတော့ ဒီလိုမျိုး ပျောက်နေတဲ့ကိစ္စတွေက တော်တော်များတယ်။ မန္တလေးနန်းတွင်းထဲမှာ နန်းတွင်းထဲက စစ်ကြောရေး ရောက်သွားပြီးတော့ ယနေ့အချိန်အထိ အဆက်သွယ်မရတဲ့ကိစ္စတွေလည်း ရှိပါတယ်။ အရေအတွက် ကိန်းဂဏန်းတော့ ကျွန်တော်လည်း ပြောလို့မရဘူးပေါ့။ အခုကပျောက်ဆုံးတဲ့ကိစ္စက၊ ဒါကြောင့် ကျွန်တော်တို့အမြဲတမ်းပြောတယ်။ ကျွန်တော်တို့တင်နေတဲ့ ကိန်းဂဏန်းအချက်အလက်တွေက ကျွန်တော်တို့ လက်လှမ်းမီသလောက်၊ ကျွန်တော်တို့ရတဲ့ အချက်အလက်တွေပဲဖြစ်တယ်။ ဒီထက်မက ပိုတဲ့ အရေအတွက် ကိန်းဂဏန်းတွေဖြစ်မယ်။ ဒါကအနည်းဆုံး ကိန်းဂဏန်းဖြစ်တယ်ပေါ့နော်။ အဲ့ဒီလိုမျိုးပဲ ကျွန်တော်တို့‌ပြောလေ့ပြောထရှိတယ်။

မေး - တခြား ဘာများဖြည့်စွက်ပြောချင်လဲ။

ဖြေ - တခြားဖြည့်စွက်ပြောချင်တာတော့မရှိဘူး။ ဒီလိုမျိုးကျူးလွန်ခံရတဲ့သူတွေအတွက် အလဟသမဖြစ်အောင် ကျွန်တော်တို့ ဝိုင်းဝန်းကြိုးစားရမယ်။ အခုလို မတရားသတ်ဖြတ်တဲ့ကိစ္စတွေ မတရားညှဥ်းပန်းနှိပ်စက်ခံနေရတဲ့ကိစ္စတွေ မတရားမီးရှို့ခံနေရတဲ့ကိစ္စတွေ ကျွန်တော်တို့ ပြည်သူတွေ အနိုင်ကျင့်စော်ကားခံနေရတဲ့ ကိစ္စတွေ ရပ်တန့်ဖို့ဆိုတာ နွေဦးတော်လှန်ရေးအောင်မြင်မှဖြစ်မှာပါ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အဖက်ဖက်ကနေ ဝိုင်းဝန်းပံ့ပိုးပေးကြပါ။ ကူညီပေးကြပါ။ နွေဦးတော်လှန်ရေးမှာ နိုင်ရာတာဝန်ကိုထမ်းပေးကြပါပေါ့နော်။ နောက် နွေဦးတော်လှန်ရေးကို ဦးဆောင်နေကြတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ဦးချင်းအနေနဲ့လည်း အခုထက်ပိုပြီး  စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် ဝိုင်းဝန်းပြီး ကြိုးစားပေးကြပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း စစ်အုပ်စုကို အခုထက်ပိုတဲ့ ပိုမိုထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ ဖိအားပေးတွေပေးဖို့ ဝိုင်းပြီးလုပ်ပေးကြဖို့လိုသလို နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် အဖက်ဖက်ကနေ ပိုပြီးတော့ ကူညီပံ့ပိုးပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required