NUG တည်ထောင်တဲ့ဘဏ်၊ ငွေ ၄ မျိုး ဝန်ဆောင်မှုပေးမည်  (ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် အင်တာဗျူး)

By မောင်ခက်နွေ (မဇ္ဈိမ)
22 June 2023
NUG တည်ထောင်တဲ့ဘဏ်၊ ငွေ ၄ မျိုး ဝန်ဆောင်မှုပေးမည်  (ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် အင်တာဗျူး)

နွေဦးဘဏ်မှာ ပထမအဆင့်အနေဖြင့် ငွေကြေးလေးမျိုးနှင့် ဝန်ဆောင်မှုပေးမယ့်အပြင် ရွှေပါ စုဆောင်းနိုင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က မဇ္ဈိမနှင့် သီးသန့် အင်တာဗျူးတွင်ပြောသည်။ 

မောင်ခက်နွေ (မေး) - နွေဦးဘဏ်ကို ဘယ်လိုလုပ်ငန်းတွေနဲ့ လုပ်ဆောင်သွားမယ်ဆိုတာ ပထမဆုံးရှင်းပြပေးပါဦး။ 

ဦးတင်ထွန်းနိုင် (ဖြေ) - ပထမဆုံး အနေနဲ့ကတော့ ဒီဘဏ်က ပြောရမယ်ဆိုရင် Digital Bank ဖြစ်ပါတယ်။ ကျွန်တော်တို့ အများရင်းနှီးပြီးနေတဲ့ ဘဏ်ပုံစံမျိုး မဟုတ်ပါဘူး။ Block Chain Technology ပေါ်မှာတည်ဆောက်ထားတဲ့ ဘဏ်ဖြစ်တယ်။  ပေးမယ့် Service ကတော့ အွန်လိုင်း Service တွေ များပါလိမ့်မယ်။ အဲတော့ ဒီအပေါ်မှာပဲ ကျွန်တော်တို့အခြေခံပြီးတော့ ဒီတော်လှန်ရေးကာလအတွက် ပြည်တွင်း၊ ပြည်ပက ပြည်သူအားလုံးက လက်လှမ်းမီအောင်ဆိုပြီး ကျွန်တော်တို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ ပထမဆုံးဝန်ဆောင်မှုအနေနဲ့ကတော့ ကျွန်တော်တို့ အဆင့်လိုက် အကောင်အထည်ဖော်သွားမှာဖြစ်တယ်။ ပထမဆုံး အဆင့်မှာတော့ ငွေရေးကြေးရေး Currency အနေနဲ့ ပြောမယ်ဆိုရင် လေးမျိုးရှိတယ်။ အမေရိကန်ဒေါ်လာ၊ စင်္ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ မြန်မာကျပ်ပါမယ်။ ဒီလေးမျိုးကို စပြီးဝန်ဆောင်မှုပေးသွားမယ်။ ဒီလိုဝန်ဆောင်မှု ပေးတဲ့ နေရာမှာလည်း ငွေအပ်နိုင်တယ်။ ငွေစုနိုင်တယ်၊ ငွေထုတ်နိုင်တယ်၊ ငွေလွှဲနိုင်တယ်၊ ငွေလက်ခံနိုင်တယ်။ နောက်တစ်ခုကကျတော့ ရွှေလည်းစုနိုင်ပါတယ်။ ရွှေဆိုရင် နိုင်ငံတကာမှာဘဏ်တွေနဲ့ ချိတ်ဆက်ပြီးတော့ ရွှေစုတဲ့ လုပ်ငန်းဆိုတာက တော်တော်လေး ထွန်းကားပြီးသားဖြစ်တယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ ဘဏ်နဲ့ ချိတ်ပြီးတော့လည်း ပြည်သူတွေအနေနဲ့ ရွှေစုနိုင်တယ်။ စုတဲ့နေရာမှာလည်း မြန်မာရဲ့ အချိန်အတွယ်တိုင်းကို စုနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ ဒါတွေက ပထမအဆင့် ဖြစ်ပါတယ်။ ဒုတိယအဆင့်ကတော့ Card အဆင့်ပေါ့နော်။ Digital Debit Card စနစ်နဲ့ ပြည်သူလူထု သုံးစွဲနိုင်အောင် စီစဉ်သွားဖို့လည်း ရှိပါတယ်။ ပြီးရင်တော့ တစ်ဆင့်ပြီး တစ်ဆင့်ပေါ့နော်။ NUG MOPF ပိုင်းက ဆောင်ရွက်နေတဲ့ Product တွေရှိမယ်။ မြေကွက်တွေ ရောင်းထားတာရှိမယ်။ Bonds တွေရောင်းထားတာရှိတယ်။ နောက်ထပ် ဆက်ပြီးဆောင်ရွက်မယ့် စီမံကိန်းတွေရှိမယ်။ ဒီစီမံကိန်းတွေကိုလည်း ဘဏ်အကောင့်ထဲကနေ တိုက်ရိုက်ပေါ့နော်။ ခုချေ၊ ခုဝယ်၊ ခုငွေလွှဲနဲ့ ခုပိုင်ဆိုင်မှုရဆိုပြီး ပုံစံမျိုးလောက်ထိ ကျွန်တော်တို့ စီစဉ်ထားတယ်။ အဲ့တော့ အဆင့်အလိုက်တော့ ကျွန်တော်တို့ အကောင်အထည်ဖော်သွားမယ်။ ပထမဆုံးစတဲ့ အဆင့်မှာကတော့ ကျွန်တော်တို့ တကယ်ကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ဝန်ဆောင်မှု ပေးနိုင်သေးမှာမဟုတ်ဘူး။ သို့သော် တစ်ဆင့်ပြီးတစ်ဆင့် အချိန်တိုအတောအတွင်းမှာ ကျွန်တော်တို့ သတ်မှတ်ထားတဲ့အတိုင်း ဝန်ဆောင်မှု ပေးသွားနိုင်အောင်တော့ စီစဉ် ဆောင်ရွက်လျှက်ရှိပါတယ်။ 

မောင်ခက်နွေ (မေး) - ဒီနွေဦးဘဏ်နဲ့ ပတ်သက်ပြီးတော့ ပြည်တွင်း၊ ပြည်ပက ပြည်သူတွေအနေနဲ့ လက်ခံလာအောင် ရှေ့ဆက်ပြီး ဘယ်လို လုပ်ဆောင်သွားဖို့ရှိလဲ။ 

ဦးတင်ထွန်းနိုင် (ဖြေ) - ဒီဘဏ်က ကျွန်တော်တို့ ရည်ရွယ်ထားတာက တော်လှန်ရေးမှာလိုအပ်ချက်အရ တည်ထောင်တဲ့ ဘဏ်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နံပါတ်တစ် အချက်ကတော့ ဒီတော်လှန်ရေးကို သက်ဝင်ယုံကြည်တဲ့ တော်လှန်တဲ့ ပြည်သူလူထုတွေကတော့ သေချာပေါက် သိပ်ပြီးတော့တော့ မေးခွန်းထုတ်မှာမဟုတ်ပါဘူး။ ပြည်သူဆိုတာကတော့ ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင် ဒီတော်လှန်ရေးမှာ banking service ဆိုတာ သူတို့ ဝန်ဆောင်မှုအရ လက်ရှိရှိရင်းစွဲ ငွေကြေးစီးဆင်းမှုတွေ တခြားလှူတာတန်းတာတွေထက်ပိုပြီးတော့ ကျယ်ပြန့်ပြီးတော့ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှု ပေးနိုင်တယ်ဆိုလို့ရှိရင် အလိုလို လိုက်ပါလာမှာပဲဖြစ်တယ်။ နောက်တစ်ခုက ငွေရေး ကြေးရေးပိုင်းဆိုင်ရာဆုံးရှုံးနိုင်ချေဆိုတာက ကျွန်တော်တို့ အနေနဲ့က ဒီဘဏ်ကို ထူထောင်တဲ့ အခါမှာ ဗဟိုဘဏ်ကနေပြီးတော့လည်း စည်းမျဉ်းစည်းကမ်းနဲ့ အညီ ထိန်းကျောင်း ကြပ်မတ်သွားမယ်။ တစ်ပြိုင်နက်ထဲမှာ ကျွန်တော်တို့ နိုင်ငံတကာရဲ့ the good Practice တွေနဲ့ ညီညွတ်အောင် ကျွန်တော်တို့ ဆောင်ရွက်သွားမယ်။ ဝန်ဆောင်မှု ပေးတဲ့ အခါမှာလည်း ဒီဘဏ်ကို ကျွန်တော်တို့ Professional ဆန်ဆန် ပေးမှာဖြစ်တယ်။ တော်လှန်ရေးဘဏ်ဆိုသော်လည်းပဲ စေတနာ့ဝန်ထမ်းတွေနဲ့ အားကိုးပြီးသွားမှာမဟုတ်ဘဲ အမြဲတမ်းဝန်ထမ်းတွေကို လိုအပ်တဲ့နေရာမှာ ခန့်အပ်ပြီးတော့ တကယ့်ကို ပရောဖက်ရှင်နယ်ဆန်ဆန် ဝန်ဆောင်မှုတွေ ပေးသွားမှာဖြစ်တယ်။ နောက်တစ်ခုက product တစ်ခုချင်းစီ အလိုက်။ ဥပမာ ပိုက်ဆံအပ်လို့ရတယ် ငွေစုလို့ရတယ်။ သူကြိုက်တဲ့ အချိန်ပြန်ထုတ်လို့ရအောင်အထိ စီစဉ်ပေးထားတာဖြစ်တယ်။ ဒါ့ကြောင့် အပ်ကြည့်ပါ လုပ်ကြည့်လိုက်ပါ ဆောင်ရွက်ကြည့်လိုက်ပါ။ လက်တွေ့ဆောင်ရွက်လိုက်တာကနေ ပြီးတော့ ဒီယုံကြည်မှုဆိုတဲ့ ကိစ္စကလည်း တစ်ဖက်နဲ့ တစ်ဖက် အလွယ်တကူနဲ့ တည်ဆောက်နိုင်လို့လည်း ရသွားမယ့် အနေအထားဖြစ်ပါတယ်။  ဒီဘဏ်ကို စတင်ပြီဆိုတာနဲ့ ပြည်သူလူထုကလည်း ယုံယုံကြည်ကြည်နဲ့ ဒီအပေါ်မှာ လိုက်ပါလာလိမ့်မယ်ဆိုတာလည်း ယုံကြည်တယ်။ နောက်တစ်ခုက ဘဏ်ရဲ့ အကောင့်ဖွင့်တဲ့ ကိစ္စရပ်တွေ Register လုပ်တဲ့ ကိစ္စရပ်တွေကိုလည်း အကန့်သတ်ထားမထားပါဘူး။ ပြည်သူက ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ဒီဘဏ်ရဲ့ အကောင့်ကို အလွယ်တကူ ဖွင့်ခွင့်ရအောင် နည်းပညာပိုင်းဆိုင်ရာကလည်း အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါတယ်။ 

ဒါကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က နွေဦးဘဏ်နဲ့ပတ်သက်ပြီး ပြောပြသွားတာပဲ ဖြစ်ပါတယ်။ 

သီးသန့် အင်တာဗျူး အပြည့်အစုံကိုတော့ Mizzima ရဲ့ အပတ်စဉ်ထုတ်လွှင့်နေကြဖြစ်တဲ့ Weekly Interview အစီအစဉ်မှာ လာမည့် ဇွန်လ ၂၄ ရက် စနေနေ့  မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီ မှာ Mizzima TV နဲ့ Mizzima News In Burmese Facebook Page တို့မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required