အာဖဂန်နစ္စတန်တွင် ကျောင်းသားများ အတန်းပြန်တက်ချိန် ကျောင်းသူများက ကဘူးလ်တက္ကသိုလ် အပြင်ဘက်တွင် ဆန္ဒပြ 

By CNN
12 March 2023
အာဖဂန်နစ္စတန်တွင် ကျောင်းသားများ အတန်းပြန်တက်ချိန် ကျောင်းသူများက ကဘူးလ်တက္ကသိုလ် အပြင်ဘက်တွင် ဆန္ဒပြ 

 အာဖဂန်နစ္စတန်နိုင်ငံတွင် စာသင်နှစ်သစ်အတွက် ကျောင်းသားများ ကျောင်းပြန်တက်ချိန်တွင် ကျောင်းသူများက အမျိုးသမီးပညာသင်ကြားခွင့်အား  တာလီဘန်က ပိတ်ပင်ထားမှုအပေါ် ကန့်ကွက်သည့်အနေဖြင့် ကဘူးလ်တက္ကသိုလ် အပြင်ဘက်၌ မတ်လ ၆ ရက်က ဆန္ဒပြခဲ့ကြသည်။

 ကုလသမဂ္ဂကလည်း အဆိုပါ တားမြစ်ကန့်သတ်ချက်များသည် လူသားချင်းမစာနာသည့် ရာဇဝတ်မှုမြောက်နိုင်ကြောင်း  ဝေဖန်ခဲ့သည်။

ကဘူးလ်တက္ကသိုလ် အပြင်ဘက် လမ်းမပေါ်တွင် မိန်းကလေးတစ်စု စာအုပ်များ ထိုင်ဖတ်နေကြသည့် ဗီဒီယိုမှာ လူမှုမီဒီယာပေါ်တွင် ပျံ့နှံခဲ့ပြီး ၎င်းဗီဒီယိုကို မည်သည့်အချိန်က ရိုက်ကူးခဲ့သည်ကိုမူ CNN က   အတည်မပြုနိုင်သေးပေ။ 

တာလီဘန်သည် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးအခွင့်အရေးများကို ရက်စက်စွာ ဖြိုခွင်းခဲ့ပြီး မိန်းကလေးများအား အလယ်တန်းကျောင်းများသို့ တတ်ရောက်ခွင့်ကို တားမြစ်ခဲ့သလို ၉ လအကြာ တွင် တက္ကသိုလ်တက်ခွင့်ကိုပါ ပိတ်ပင်ခဲ့သည်။

ပြည်နယ်အများအပြားတွင် စာသင်ကျောင်းများစတင်ဖွင့်လှစ်ကြောင်းနှင့် ဆရာများနှင့် ကျောင်းသားများအားလုံး သင်ခန်းစာများတွင် လုံခြုံအေးဆေးစွာ တက်ရောက်သင်နေကြကြောင်း တာလီဘန်၏ ပညာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက မတ် ၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကဘူးလ်ရှိ တက္ကသိုလ်ဓာတ်ပုံများတွင် ကျောင်းသားများနှင့် ဆရာများ ပြည့်နှက်နေသည့် စာသင်ခန်းများကို ပြသထားပြီး ပုဂ္ဂလိကတက္ကသိုလ်တစ်ခု၏ ကြော်ငြာဆိုင်းဘုတ်မှ ကျောင်းသူများ၏ ဓာတ်ပုံများကို မှုတ်ဆေးဖြင့်   ဖျက်ထားသည်။

“တက္ကသိုလ်တွေစဖွင့်တာ ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ညီမတွေ တက္ကသိုလ် မတက်နိုင်တာ စိတ်မကောင်းပါဘူး” ဟု ကျောင်းသား နာဆာက အာဖဂန်အခြေစိုက် TOLO News သတင်းဌာသို့  မတ်လ ၆ ရက်က ပြောကြားခဲ့သည်။ 

အမျိုးသားအုပ်ထိန်းသူမပါဘဲ သွားလာသည့် ကျောင်းသူများကို ကိုးကားလျက် တာလီဘန်က မိန်းကလေးများသည် အစ္စလာမ်ဝတ်စားဆင်ယင်မှုစည်းမျဉ်းများနှင့် အခြားသောအစ္စလာမ်စံနှုန်းများကို လိုက်နာခြင်း မရှိသောကြောင့် တက္ကသိုလ်တက်ခွင့်ပိတ်ခံရခြင်းဖြစ်ကြောင်းနှင့်  ရှရီယာဥပဒေအရ  ကျောင်းသူများနှင့် ကျောင်းသားများအကြား အပြန်အလှန် ဆက်ဆံမှုမျိုးကိုလည်း ခွင့်မပြုကြောင်း  ပြောသည်။ 

အဆိုပါတားမြစ်ချက်အပေါ် အများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ မိန်းကလေးများကလည်း  ဆုံးရှုံးမှုများ ကြုံရကြောင်းနှင့် အနာဂတ် အခွင့်အလမ်းများလက်လွှတ်လိုက်ရသည်ဟု ခံစားရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly