Well Two ရေနံမြေ စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက် စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် ထိခိုက်သေဆုံးမှုရှိဟုဆို

By MTO၊ လွှမ်းမိုး
11 March 2023
Well Two ရေနံမြေ စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက် စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် ထိခိုက်သေဆုံးမှုရှိဟုဆို

မဇ္ဈိမ။    ။ မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ Well Two ရေနံမြေစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မတ်လ ၉ ရက်နေ့ နံနက် အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်၍ အဆောက်အအုံအချို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့  (MRG) မှ ရဲဘော်ပြေဇော်က ပြောသည်။

“လက်နက်ကြီး လက်နက်ငယ် ဒရုန်းတွေ နဲ့ တိုက်ခိုက်ခဲ့တယ် စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေ စက်လတ်နက်တွေ နဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်။ သူတို့ ဘက်က ထိခိုက်မှု အခြေအနေကိုတော့ အတိအကျမသိရဘူး၊  သူတို့ ရဲ့ ပင်မ အဆောက်အဦနဲ့ ဘန်ကာ သုံးလုံးကလွဲရင် ကျန်တဲ့အဆောက်အဦတွေ အကုန်လုံးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်” ဟု ၎င်းကပြောသည်။

အဆိုပါတိုက်ပွဲသည် နံနက် ၆ နာရီ‌မှ နံနက် ၁၁ နာရီခန့်အထိ ၄ နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က လေကြောင်းပစ်ကူရောက်လာခြင်း၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်တွင် ကျည်အင်အား နည်းပါးလာခြင်းများကြောင့် ပြန်လည်ဆုတ်ခွာလာခဲ့ရကြောင်း ရဲဘော်ပြေဇော်က ပြောသည်။

“Mi-35 နဲ့ ရောက်လာပြီး ဗုံးသီးတွေ ဖြုတ်ချတယ်။ စက်လတ် (စက်သေနတ်) တွေနဲ့လည်း ပစ်တယ် “ ဟု ၎င်းက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ပြန်လည်ပစ်ခတ်မှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး  ရဲဘော်လေးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ရဲဘော်ပြေဇော်က ပြောသည်။

“တိုက်ပွဲမှာ စစ်သား အသေဆုံးကတော့ များနိုင်ပါတယ်ဗျ ။ လက်နက်ကြီး ၊ လက်နက်ငယ်ပါတယ် ။ ဒရုန်း နဲ့ အီနာဂါ ဗုံးသီးကိုက အလုံး ၃၀ ချပြီး တိုက်ခဲ့တာဗျ”ဟု  ကျားသစ်နက်တပ်မတော် သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးကဆ်ိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ ၊ ပခုက္ကူ ခရိုင်တပ်ရင်း (၁၄) ၊ ပခုက္ကူ ခရိုင်တပ်ရင်း (၁၅)၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ ၊ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့  (MRG) နှင့် ဒေသခံမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Well Two ရေနံမြေစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့အင်အား  ၅၀ ခန့် ရှိပြီး အခြားစစ်ကောင်စီတပ်ဖွဲ့များ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာပါက တစ်ထောက်နားခြင်း၊ လက်နက်ရိက္ခာဖြည့်တင်းခြင်း နှင့် စစ်ကြောင်းတွင် အားဖြည့်လိုက်ပါခြင်းများ ဆောင်ရွက်လေ့ရှိကြောင်း သိရသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required