ဘီးလင်းမြို့နယ်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

By YT  မဇ္ဈိမ
09 March 2023
ဘီးလင်းမြို့နယ်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာတွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး မတ်လ ၆ ရက်နေ့က သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ ဒေါ်ဝင်းမာ(၄၆နှစ်)ဖြစ်ပြီး အလူးလေးကျေးရွာ မြောက်ဘက်ရှိ ၎င်းပိုင် ကျွဲကောခြံမှ စက်ဘီးစီး၍ပြန်လာစဉ် လမ်းခုလတ်တွင် ဆိုင်ကယ်စီးလူနှစ်ဦး၏ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်ဝင်းမာမှာ သေနတ်ဖြင့်ခြောက်ချက်အပစ်ခံခဲ့ရခြင်းဖြစ်ပြီး လက်ယာပါး၊ လက်ဝဲပါး၊ လက်ယာနား ရွက်၊ လက်ယာဂုတ်ပိုးတို့တွင် ဒဏ်ရာရခဲ့ကာ သထုံမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရာမှ ဒဏ်ရာပြင်းထန်၍ ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ခဲ့ရသည်။ ယင်းနောက် မတ်လ ၈ ရက်နေ့ ညနေ ပိုင်းတွင် ရန်ကုန်ဆေးရုံကြီး၌ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်ဝင်းမာသည် မတ်လပထမပတ်က အလူးလေးကျေးရွာသို့ နယ်မြေအခြေအနေ လေ့လာရန်ရောက် လာသော ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အား စစ်ကောင်စီထံ သတင်းပို့ခဲ့သူဖြစ်ကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက မဇ္ဈိမကို ပြောသည်။

ယင်းကြောင့် ၎င်းကို စစ်ကောင်စီတပ်၏ သတင်းပေးတစ်ဦးဖြစ်ကြောင်း သေချာစွာ စုံစမ်းစစ်ဆေးခဲ့ပြီးမှ ဘီးလင်းအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပူးပေါင်း တပ်ဖွဲ့၏ စစ်ကြောင်းတွင် ပါဝင်သော PDF တပ်ဖွဲ့ဝင် တစ်ဦးက မဇ္ဈိမကို ပြောသည်။ 

“ကျွန်တော်တို့စစ်ကြောင်း အလူးလေးရွာထဲကိုဝင်တယ်၊ ရွာကနေပြန်အထွက်မှာ ဟိုကောင်(စစ်ကောင်စီ တပ်သား)တွေက လက်နက်ကြီးနဲ့လှမ်းထုရော။ ကျွန်တော်တို့ဆီ တည့်တည့်ကျတာ။ ကံကောင်းလို့ မသေ ကြတာ။ နောက်မှ သေချာစုံစမ်းတော့မှ ဒီအမျိုးသမီးနဲ့ နောက်တစ်ယောက် သတင်းပေးတာဖြစ်နေတာ။ အဲဒါနဲ့ အပေါ်ကပဲ ဆင်းပြီး သွားရှင်းခဲ့တာ။ သေနတ်နဲ့ ခြောက်ချက်ပစ်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ဒေါ်ဝင်းမာသည် အာဏာမသိမ်းခင်ကာလကတည်းက စစ်တပ်ထောက်ခံအားပေးသူ တစ်ဦးဖြစ်ကြောင်း အလူးလေးကျေးရွာဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

“သူက စစ်တပ်ကို အစကတည်းကထောက်ခံတဲ့သူပဲ။ အရမ်း ပါးစပ်ဖွာတယ်။ သူက ရွာမှာ သတင်းကြည့် တဲ့အိမ်ဆိုရင် မြဝတီတို့ MRTV တို့ကိုပဲ ကြည့်ဖို့လိုက်ပြောတာ။ အလူးလေး၊ အလူးကြီးရွာကသူတွေဆို သူ့ကိုသိကြပါတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဘီးလင်းမြို့နှင့် ၁၀ မိုင်ခန့်ဝေးသည့် အလူးလေးကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကလည်း ဘီးလင်းမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးသန်းထွန်းဝင်းသတ်ဖြတ်ခံခဲ့ရသည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required