ZSSI မှ ပြည်သူ့ရေးရာမဟာတန်း (MPA) အပါအဝင် သင်တန်း ၃ မျိုးဖွင့်လှစ်မည်ဟု ကြေညာ

By ဂျူနို
07 March 2023
ZSSI မှ ပြည်သူ့ရေးရာမဟာတန်း (MPA) အပါအဝင် သင်တန်း ၃ မျိုးဖွင့်လှစ်မည်ဟု ကြေညာ

မဇ္စျိမ ။   ။ National University of Zoland (NUZ) စီမံခန့်ခွဲမှုအောက်ရှိ အင်စတီကျူ့တစ်ခုဖြစ်သည့် Zoland Social Studies Institute (ZSSI) မှ မဟာတန်းအဆင့်သင်တန်းများ၊ Diploma သင်တန်းများနှင့် Certificate ပေးအပ်မည့်သင်တန်းများကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ZSSIမှ ဖွင့်လှစ်မည့် သင်တန်းအမျိုးအစားသုံးမျိုးမှာ ပြည်သူ့ရေးရာမဟာတန်း Master of Public Affairs (MPA)၊ Diploma Courses၊ Certificate Courses တို့ဖြစ်ပြီး အဆင့်မြင့်ပညာရေး သို့မဟုတ် တက္ကသိုလ်အဆင့်ပညာရပ်နယ်ပယ်တွင် ရောက်ရှိနေသူများကို ဦးတည်သည်။

“ သင်တန်းပို့ချမယ့်သူတွေက ကမ္ဘာ့ထိပ်သီးတက္ကသိုလ်ဆင်းအပါအဝင် ပြည်တွင်း၊ ပြည်ပက ကျွမ်းကျင်ပညာရှင်တွေ၊ တက္ကသိုလ်ဆရာမတွေဖြစ်ပါတယ်။ သင်တန်းလျှောက်လွှာကို မတ်လ ၁၅ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။ အခြေအနေအရ ရက်တိုးသတ်မှတ်ပေးတာမျိုးလည်း ရှိနိုင်ပါတယ် ” ဟု ZSSIမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပညာသင်ကြားမှုမှတ်တမ်းအား ကောင်းမွန်စွာထိန်းသိမ်းပေးမည်ဖြစ်ပြီး သင်တန်ပြီးစီးပါက ကွန်ယက်ဖွဲ့စည်းခြင်း၊ ပညာရေး၊ အသက်မွေးဝမ်းကြောင်းများအတွက် mentorship program များအတွက် စီစဉ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

ပြည်သူ့ရေးရာ မဟာတန်း Master of Public Affairs (MPA) တက်ရောက်ရန် မည်သည့်ပညာရပ် နယ်ပယ်တွင်မဆို ဘွဲ့ကြိုတက်ရောက်နေသူများ (သို့မဟုတ်) ဘွဲ့ကြိုသင်တန်းပြီးမြောက်သူများ ဖြစ်ရန်လိုအပ်သည်။

ပြည်သူ့ရေးရာ မဟာတန်း Master Program အတွက် သင်တန်းကာလမှာ တစ်နှစ်တာကြာမြင့်မည်ဖြစ်ပြီး အများဆုံးကျောင်းသားဦးရေ ၂၅ ဦးသာ ရွေးချယ်လက်ခံမည် ဟုဆိုသည်။

တက္ကသိုလ်ဝင်တန်း ပြီးမြောက်ထားသူများအနေဖြင့် Certificate နှင့် ဒီပလိုမာ သင်တန်းများကို ရွေးချယ်လျှောက်ထားနိုင်ပြီး  သင်တန်းကာလမှာ Course တစ်ခုလျှင် နှစ်လကြာမြင့်မည် ဖြစ်သည်။

ဒီပလိုမာအတန်း စုစုပေါင်း လေးခုရှိပြီး လူတစ်ဦးလျှင် ဒီပလိုမာအတန်း တစ်ခုစီသာ ရွေးချယ်လျှောက်ထားနိုင်သည်။ ဒီပလိုမာအတန်း တစ်တန်းလျှင် အများဆုံးကျောင်းသားဦးရေ ငါးဦးသာ လက်ခံမည်ဟုဆိုသည်။ ဒီပလိုမာသင်တန်းတက်ရောက်သူများသည် သင်တန်းပြီးဆုံးပါက သုတေသနစာတမ်း ပြုစုရေးသားရန် လိုအပ်မည်မဟုတ်ကြောင်း ZSSI မှ အသိပေးထားသည်။

Certificate အတန်းမှာ စုစုပေါင်း (၁၀) ခုရှိပြီး၊ လူတစ်ဦးလျှင် နှစ်ခုအထိသာ ရွေးချယ်လျှောက်ထားနိုင်သည်။ Certificate အတန်းများအတွက် အတန်းတစ်တန်းလျှင် အများဆုံး ကျောင်းသားဦးရေ ၁၀ ဦးသာ လက်ခံမည်ဖြစ်သည်။

Certificate အတန်းတက်ရောက်သူများသည် Pre-course၊ Bridge Program ကို တက်ရောက်ရန် မလိုအပ်ကြောင်းနှင့် သင်တန်းပြီးဆုံးပါကလည်း သုတေသနစာတမ်းပြုစုရေးသားရန် လိုအပ်မည်မဟုတ်ကြောင်း သိရသည်။

သင်ကြားမှုနှင့်ပတ်သက်၍ ထပ်မံပြောင်းလဲမှုမရှိခင်အထိ သင်ခန်းစာများကို အွန်လိုင်းမှတစ်ဆင့် သင်ကြားပို့ချမည်ဖြစ်ကာ သင်တန်းအားလုံးကို ၂၀၂၃ ဧပြီလတွင် စတင်သင်ကြားမည်ဟု ထုတ်ပြန်ထားသည်။

ဘာသာရပ်ဆိုင်ရာသင်ရိုးနှင့် သင်ထောက်ကူများတွင် English ဘာသာစကားကို အဓိက အသုံးပြုမည်ဖြစ်ပြီး၊ သင်ခန်းစာပို့ချခြင်းနှင့် အပြန်အလှန်ပြောဆိုဆွေးနွေးခြင်းတို့ကို လုပ်ဆောင်ရာတွင် ဗမာ (သို့မဟုတ်) ဇိုမီးဘာသာစကားကို အလျှဉ်းသင့်သလို အသုံးပြုနိုင်ကြောင်းဆိုသည်။

ZSSI မှပို့ချသော သင်တန်းများအတွက် သင်တန်းကြေးနှုန်းထားမှာ MPA အတွက် ၁၅၀,၀၀၀ ကျပ် (Semester တစ်ဖြတ်လျှင် ၅၀,၀၀၀ ကျပ်)၊ Pre-course အတွက် ၃၅,၀၀၀ ကျပ်၊ Certificate Program အတွက် ၃၀,၀၀၀ ကျပ် (အတန်း နှစ်တန်းလျှင် ၅၀,၀၀၀ ကျပ်)၊ Diploma Program အတွက် ၅၀,၀၀၀ ကျပ် တို့ဖြစ်သည်။

MPA Program အတွက် ဘာသာရပ်တစ်ခုစီလျှင် ကျောင်းခေါ်ကြိမ် (၈၀ ရာခိုင်နှုန်း) ပြည့်မီရန်လိုအပ်ပြီး Certificate နှင့် ဒီပလိုမာသင်တန်းများအတွက် ကျောင်းခေါ်ကြိမ် (၇၀ ရာခိုင်နှုန်း) ပြည့်မီရမည်ဖြစ်သည်။

ယခုပို့ချမည့် ပြည်သူ့ရေးရာ မဟာတန်း Master of Public Affairs (MPA) အပါအဝင် သင်တန်း သုံးမျိုးတွင်ပါဝင်မည့် ဘာသာရပ်များနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက National University of Zoland (NUZ) ၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာ https://www.facebook.com/nuz.zolandeducation တွင် စုံစမ်းနိုင်သည်။

လတ်တလောကြားကာလတွင် ပညာရေးလိုအပ်ချက်ကိုဖြည့်ဆည်းပေးရန်နှင့် ပိုမိုကောင်းမွန်သော လူ့‌ဘောင်အဖွဲ့အစည်းကို ဖန်တီးတည်ဆောက်ရာတွင် လိုအပ်သောအသိပညာ၊ အတတ်ပညာများ နှင့် ရင်းနှီးပြည့်ဝစွာကျင့်သုံးသော မျိုးဆက်သစ်များကို မွေးထုတ်ရန် ZSSI မှ ရည်ရွယ်ထားကြောင်း သိရသည်။

ကမ္ဘာ့ကပ်ရောဂါဖြစ်သော Covid-19 နှင့် ပြောင်းလဲလာသော နိုင်ငံရေးအကြပ်အတည်းများကြောင့် ၂၀၂၁ ခုနှစ် အတွင်း လက်တွေ့ဖော်ဆောင်ရန် ဆွေးနွေးပြင်ဆင်ပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လ၌ အကောင်အထည် ပေါ်လာကာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် အများပြည်သူသို့ ချပြခြင်းဖြစ်ကြောင်း Zoland Social Studies Institute (ZSSI)အဖွဲ့ထံက သိရသည်။

ZSSI သည် ချင်းတော်လှန်ရေးအဖွဲ့အစည်းဖြစ်သည့် Zomi Federal Union ( PDF Zoland) ၏ ပညာရေးအဖွဲ့အစည်းဖြစ်သော်လည်း သီးခြားလွတ်လပ်သည့် ပညာရေးအဖွဲ့အစည်း အနေဖြင့်သွားရန် ရည်ရွယ်ထားကြောင်းသိရသည်။

သင်တန်းလျှောက်ထားနိုင်ရန်လင့်
https://forms.gle/W5nzk3pWx9wxH4zGA?fbclid=IwAR06LBHVVF6tJ2M4LYBgD4wtzUqpNffipBskRInVRm9NyBqnRNL4vpmbHKQ

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required