တမူးမြို့ ဒေသကာကွယ်ရေးတပ် အဖွဲ့ဖျက်သိမ်းပြီး ကျောင်းသားတပ်ကွပ်ကဲမှုခံယူ

By ပါခွီး (မဇ္စျိမ)
02 March 2023
တမူးမြို့ ဒေသကာကွယ်ရေးတပ် အဖွဲ့ဖျက်သိမ်းပြီး ကျောင်းသားတပ်ကွပ်ကဲမှုခံယူ

 စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်အတွင် စစ်ကောင်စီတပ် ကို လက်နက်ကိုင် တော်လှန်တိုက်ပွဲဝင်နေသော Freedom Rangers Tamu(FRT) တပ်ဖွဲ့သည် ၎င်းတို့အဖွဲ့ကို ဖျက်သိမ်းကာ ဗမာ့ကျောင်းသားအဖွဲ့အစည်း (BSO)၏ ကွပ်ကဲမှုကို ခံယူ၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းသိရသည်။ 

မြေပြင်၏ လိုအပ်ချက်အရ၎င်း Chain of Command and Code of Conduct (COC) ရှိစေရန်နှင့် စစ်ရေးလိုအပ်ချက်အရ ကွပ်ကဲမှုကို မတ်လ ၁ရက်နေ့မှစ၍ ခံယူပြီး စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက်ဆက်လက်တိုက်ပွဲဝင်သွားဖြစ်ကြောင်း BSO မှ အသိပေးထုတ်ပြန်ထားသည်။ 

“NUG ရဲ့ ခရိုင်အဆင့်တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမှုအရ သူတို့ရဲ့လမ်းညွှန်ချက်အတိုင်း သွားနေတာဖြစ်ပါတယ်၊ ကျနော်တို့ အင်အားတွေကို ပိုမိုကျစ်လျစ်ဘို့အတွက် အခုလို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ဟု BSO တာဝန်ခံ အောင်ဖြိုးကြွယ် က မဇ္စျိမ ကိုပြောသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) နှင့် ဆက်သွယ်ဆောင်ရွက်မှုတွေရှိနေပြီး တော်လှန်ရေးအရှိန်အဟုတ်မြှင့်နိုင်ရန်အတွက် ဒေသတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များအတွင်း ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နေကြောင်း ဆိုသည်။ 

တမူးမြို့နယ်တွင် စစ်ကောင်စီတပ် ၊ ရဲများထက် ပျူစောထီးဆိုသူများသည် အင်အား ပိုမိုတောင့်တင်းကြောင်း  ယခုနောက်ပိုင်းတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများပါ တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။ 

၎င်းအပြင် အိန္ဒိယကို တော်လှန်တိုက်ခိုက်နေသည်ဟု ဆိုသော ကသဲသူပုန်များသည်လည်း စစ်ကောင်စီတပ်မှ လက်နက်တပ်ဆင်ပေးထားပြီး ၎င်းတို့နှင့် အတူ စစ်ကြောင်းများတွင်ပါလေ့ရှိသဖြင့် တမူးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အင်အားများသည့်ရန်သူများနှင့် ရင်ဆိုင်ရနိုင်သော အခြေအနေတွင်ရှိကြောင်း ကိုအောင်ဖြိုးကြွယ်က ဆက်လက်ပြောဆိုသည်။ 

၎င်းတို့တပ်ဖွဲ့အနေဖြင့် တပ်ဖွဲ့ဝင်သစ်များ စုဆောင်းနေပြီး ဒေသခံတပ်အနေဖြင့် မရပ်တည်ဘဲ NUG ၏ လမ်းညွှန်မှုနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကာ ပြည်သူလူထုအပေါ်ထားရှိသည့် တော်လှန်ရေးသစ္စာကို စောင့်သိသွားမည် ဖြစ်ကြောင်း သိရသည်။ 

၂၁၂၂ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့တွင် တမူးမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ စခန်းများကို စစ်ကောင်စီတပ်မှ အင်အားအများအပြားအသုံးချကာ သိမ်းယူခဲ့ရာ Freedom Ranger Tamu (FRT) ၊ Fighter Police CDM Tamu ၊ Burmese Students Organization ၊ ABSDF နှင့် PDF Tamu တပ်ရင်း (၄) နှင့် တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့၏ စခန်းများ စွန့်လွှတ်ခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ 

ယင်းသို့ စခန်းများဆုံးရှုံးခဲ့ရပြီးနောက် ယခုကဲ့သို့ အင်အားများပြန်လည်တည်ဆောက် စုဖွဲ့လာခြင်းဖြစ်ကြောင်း သိရသည်။ 

ဖေဖော်ဝါရီလ ၂၂ရက်နေ့ကလည်း တမူးမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) နှင့် တပ်ရင်း (၂) တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြေပြင်လိုအပ်ချက်အရ တပ်ရင်း နှစ်ရင်းကို တမူးခရိုင် တပ်ရင်း(၁) အဖြစ် ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required