ချစ်သူများနေ့၌ အသုံးအစွဲ ဘတ် ၂ ဒသမ ၃၉ ဘီလီယံ ရှိမည် ထိုင်း ခန့်မှန်း 

By Bangkok Post
10 February 2023
ချစ်သူများနေ့၌ အသုံးအစွဲ ဘတ် ၂ ဒသမ ၃၉ ဘီလီယံ ရှိမည် ထိုင်း ခန့်မှန်း 

ထိုင်းနိုင်ငံတွင် ယခုနှစ် ချစ်သူများနေ့(Valentine’s Day) ၌ အသုံးအစွဲသည် ပြီးခဲ့သည့်နှစ်ကထက် ၅၇ ဒသမ ၁ ရာခိုင်နှုန်း ခုန်တက်ကာ ငါးနှစ်အတွင်း ပထမဆုံး တိုးများခြင်းအဖြစ် ဘတ် ၂ ဒသမ ၃၉ ဘီလီယံအထိ ရှိမည်ဟု Thai Chamber of Commerce တက္ကသိုလ် UTCC ၏ တိုင်းတာချက်အရ သိရသည်။ 

လူနေမှုစရိတ် ဆက်စပ်မြင့်တက်ခြင်းနှင့် မကြာသေးခင်က နှစ်သစ်ကူးနှင့် တရုတ်နှစ်ကူးများ ဆင်နွှဲထားကြလင့်ကစား ယခုနှစ် ချစ်သူများနေ့၌ အသုံးအစွဲ ကြီးလိမ့်မည် ခန့်မှန်းရကြောင်း UTCC ဥက္ကဋ္ဌ သာနာဗတ်ရှ် ပွန်ဗီချိုင်းက ပြောသည်။ 

စီးပွားရေး ဆက်လက်ဦးမော့မည် မျှော်လင့်ချက်များကြောင့် လာမည့်နှစ် အသုံးအစွဲသည် ၂၀၂၃ ထက်ပင် ပို စည်ပင်လိမ့်မည်ဟု သာနာဗတ်ရှ်က ဆိုသည်။ 

နိုင်ငံအနှံ့ လူပေါင်း ၁၂၂၅ ဦးကို စစ်တမ်းကောက်ယူမှုအရ ချစ်သူများနေ့တွင် လူတစ်ဦးလျှင် ဘတ် ၁,၈၄၈ ဘတ် ပျမ်းမျှ သုံးစွဲလိမ့်မည်ဖြစ်ပြီး ယခင်နှစ်က ၁,၁၇၆ ဘတ်ထက် များလာခြင်းဖြစ်ကာ လက်ဆောင်ပေးခြင်း၊ ညစာထွက်စားခြင်း၊ ပန်းပေးခြင်းနှင့် ရုပ်ရှင်ကြည့်ခြင်းတို့တွင် အများစု ပိုက်ဆံ သုံးစွဲကြမည် ဖြစ်သည်။ 

ဇန်နဝါရီလအတွင်းက တစ်နှစ်ကထက် ၅ ဒသမ ၀၂ ရာခိုင်နှုန်း ငွေကြေးဖောင်းပွမှု မြင့်တက်နေခြင်းသည် ဦးမော့သော စီးပွားရေးနှင့်အတူ စားသုံးသူအသုံးစရိတ် မြင့်မားမည်ကို ညွှန်ပြနေသည်ဟု သာနာဗတ်ရှ်က ပြောသည်။ ငွေကြေးဖောင်းပွမှု အားနည်းအောင် ယခုနှစ် ကျန်ကာလများ၌ ထိုင်းဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းကို ဆက်လက်မြှင့်တင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း ၎င်းက ဆိုသည်။ 

ဒုတိယ သုံးလပတ်၌ အထွေထွေ ရွေးကောက်ပွဲ ရှိနေခြင်းနှင့်အတူ ပြည်ပဧည့်သည်များ အထူးသဖြင့် တရုတ်မှ ဧည့်သည်များ လာရောက်မှု တိုးပွားလာခြင်းအားဖြင့် ယခုနှစ်၏ စီးပွားရေးဖွံ့ဖြိုးမှုသည် ၃ ဒသမ ၅ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ ရှိမည်ဟု UTCC က ခန့်မှန်းထားသည်။ 

ဒုတိယသုံးလပတ်၌ တရုတ်ဧည့်သည် ၅ သန်း လာရောက်ပြီး တစ်နှစ်တာအတွက် ၇ သန်းမှ ၈ သန်းအထိ ရှိမည်ဖြစ်ကာ ယခုနှစ်အတွက် နိုင်ငံခြားဧည့်သည် စုစုပေါင်းလာရောက်မှု ၂၆ သန်းမှ ၂၇ သန်း ရှိမည်ဟု ယင်း တက္ကသိုလ်က ခန့်မှန်းသည်။ 

ရွေးကောက်ပွဲကြောင့်လည်း အသုံးအစွဲ ၄၀ မှ ၅၀ ဘီလီယံကြား ရှိမည်ဖြစ်၍ စီးပွားရေး ဖွံ့ဖြိုးမှုကို ၀ ဒသမ ၃ ရာခိုင်နှုန်းမှတ် မြှင့်တင်လိမ့်မည်ဟု UTCC က ခန့်မှန်းသည်။ 

သီးခြားဖွံ့ဖြိုးမှုအဖြစ် ပြည်တွင်း စီးပွားရေး ဦးမော့နေစဉ် စားသုံးသူများအပေါ် ဖိစီးနေသည့် ဘဏ္ဍာရေးဝန်ထုပ်ကို ဖယ်ရှားရန် ကုန်စည်ဈေးများကို ထိန်းသိမ်းရေးအတွက် ကုန်ထုတ်လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုကို ကုန်သွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း ပြည်တွင်းကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဝတ်တန်နာဆက်က ပြောသည်။ 

“စားသုံးသူထုတ်ကုန်တွေရဲ့ ဈေးနှုန်းကို ဌာနအနေနဲ့ စောင့်ကြည့်နေပါတယ်၊ ဝက်သား၊ ကြက်သား၊ ကြက်ဥနဲ့ စားအုန်းဆီလို ကုန်စည်တွေ တော်တော်များများ ဈေးကျပါတယ်၊ ထုပ်ပိုးဆန်နဲ့ စည်သွပ်အစားအစာတွေလည်း ကုန်ကြမ်းဈေး မြင့်တဲ့ကြားက ဈေးနှုန်းကို ထိန်းထားနိုင်ပါတယ်”ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly