မြန်မာကဲ့သို့ ပဋိပက္ခများနှင့် ယူကရိန်းစစ်ပွဲတို့က ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေဟု ကုလအကြီးအကဲ ပြော

မြန်မာကဲ့သို့ ပဋိပက္ခများနှင့် ယူကရိန်းစစ်ပွဲတို့က ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေဟု ကုလအကြီးအကဲ ပြော

ရုရှား-ယူကရိန်း ပဋိပက္ခစစ်ပွဲ၌ ထပ်မံ အရှိန်မြင့်လာမည့် အလားအလာနှင့်အတူ ကမ္ဘာကြီးသည် “ပိုမို ကျယ်ပြန့်သော စစ်ပွဲ” တစ်ခု ဦးတည်သွားနေသကဲ့သို့ ဖြစ်နေသည့်အပေါ် မိမိအနေဖြင့် စိုးရိမ်ပူပန်မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဖေဖေါ်ဝါရီ ၆ ရက်တွင် ကမ္ဘာ့နိုင်ငံများကို သတိပေးပြောဆိုသည်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှ စပြီး အာဖဂန်နစ္စတန်၊ မြန်မာ၊ ဆာဟယ်ဒေသနှင့် ဟေတီတို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် နောက်ထပ် ခြိမ်းခြောက်မှုများဖြစ်ကြောင်း ဂူတာရက်စ်က ပြောသည်။

စာရင်း၏ ထိပ်ဆုံးတွင် ယူကရိန်းအပေါ် ရုရှား ကျူးကျော်သည့် စစ်ပွဲ ရှိနေပြီး ထိုစစ်ပွဲသည် ယခုအခါ တစ်နှစ်ပြည့်ရန် နီးကပ်လာနေသည်။

“ငြိမ်းချမ်းရေးအတွက် အလားအလာတွေက မှေးမှိန်ဆုတ်ယုတ်နေချိန်မှာ သွေးထွက်သံယိုမှုတွေနဲ့ ပဋိပက္ခရဲ့ ထပ်မံ အရှိန်မြင့်တက်နိုင်တဲ့ အလားအလာတွေကတော့ ဆက်ပြီး ကြီးထွားနေတယ်” ဟု ဂူတာရက်စ်က ပြောသည်။

“ကမ္ဘာကြီးဟာ ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲတစ်ခုထဲ ဦးတည်သွားနေတာကို ကျွန်တော် စိုးရိမ်မိတယ်။ မျက်စိတွေ ကျယ်ကျယ်ဖွင့်ထားရင်းနဲ့ အဲလိုမျိုး ဖြစ်နေမှာကို ကျွန်တော် ပူပန်မိတယ်”

“အကယ်၍များ ကမ္ဘာ့နိုင်ငံတိုင်းဟာ ကုလ ပဋိညာဉ်အောက်က တာဝန်ဝတ္တရားတွေအတိုင်း ဖြည့်ဆည်းလိုက်နာခဲ့မယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် အခွင့်အရေးကို အာမခံနိုင်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

“ကြိုတင်ကာကွယ်မှုကို အဓိကထားပြီး လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို ဦးစားပေးရင်း ကုလ ပဋိညာဉ်အပေါ် ပြန်လည်ကတိပြုရင်းနဲ့ မိမိတို့အနေနဲ့ ငြိမ်းချမ်းရေးအပေါ် မိမိတို့ရဲ့ ချဉ်းကပ်လုပ်ကိုင်မှုကို ပြောင်းလဲရမယ့် အချိန်ရောက်ပါပြီ” ဟု ဂူတာရက်စ်က ပြောသည်။

ယူကရိန်းအပေါ် ရုရှား ကျူးကျော်မှု၊ ရာသီဥတု အကျပ်အတည်းနှင့် အလွန်အမင်း ဆင်းရဲမွဲတေမှုတို့အပေါ် အာရုံစိုက်ရင်း ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းတစ်ရပ် ပြောစဉ် ကုလ အတွင်းရေးမှူးချုပ်က တစ်နှစ်တာအတွက် ၎င်း၏ ဦးစားပေးကိစ္စများကို ထုတ်ဖော်တင်ပြခဲ့သည်။

“မိမိတို့ တစ်သက်တာမှာ တစ်ကြိမ်တစ်ခါနဲ့မှ မတူဘဲ ဒီ ၂၀၂၃ စတင်ချိန်မှာ မိမိတို့ဟာ စိန်ခေါ်မှုတွေ ပေါင်းစုံနေတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်” ဟု ၎င်းက နယူးယော့ခ်တွင် သတင်းထောက်များကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly