တရုတ်တွင် တစ်ပတ်အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၂ ၀၀၀ ကျော်ရှိ

တရုတ်တွင် တစ်ပတ်အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၂ ၀၀၀ ကျော်ရှိ

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ဆေးရုံတင်ထားရသူ ၁၂ ၀၀၀ ကျော်သည် တစ်ပတ်အတွင်း  သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်ဟု NHK World သတင်းဌာနက ဖော်ပြသည်။

တရုတ်နိုင်ငံတွင် ဇန်နဝါရီ ၁၃ ရက်မှ ၁၉ ရက်အထိ ဆေးဘက်ဆိုင်ရာဌာနများတွင် လူနာ ၁၂ ၆၅၈ ဦး သေဆုံးခဲ့ကြောင်း တရုတ်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာက ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် လူ ၆၈၁ ဦး သေဆုံးခဲ့ပြီး နောက်ဆက်တွဲရောဂါကြောင့် သေဆုံးသူ ၁၁ ၉၇၇ ဦးရှိသည်ဟုဆိုသည်။ တရုတ်အစိုးရအနေဖြင့် ၇ ရက်အတွင်း တရားဝင်သေဆုံးမှုအရေအတွက်ကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

တရုတ်နိုင်ငံ၏ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနမှ ကူးစက်ရောဂါဗေဒပညာရှင် ဝူဇန်းယူက တရုတ်နိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်းနှင့် လူ ၁၀ ယောက်တွင် ၈ ယောက်နီးပါး ကူးစက်ထားကြောင်း CNN သတင်းတွင်ဖော်ပြထားသည်။ လက်ရှိ ကိုဗစ်ကူးစက်လှိုင်းသည် လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသော တရုတ်နိုင်ငံ၏ လူ ၈၀ ရာခိုင်နှုန်းခန့်ကို ကူးစက်ပြီးဖြစ်ကြောင်း ဝူဇန်းယူက အခိုင်အမာဆိုခဲ့သည်။

နှစ်သစ်ကူးအားလပ်ရက်အတွင်း ခရီးသွားလာမှုများခြင်းကြောင့် ကျေးလက်သို့ ဗိုင်းရပ်စ်ကူးစက်နိုင်ပြီး ဒုတိယကူးစက်မှုလှိုင်းဖြစ်လာမည်ကို စိုးရိမ်နေချိန်မှာ ဝူဇန်းယူက ယခုကဲ့သို့ ပြောကြားလာခြင်းဖြစ်သည်။ 
နှစ်သစ်ကူးအကြိုနေ့တွင် ခရီးသွားသူ ၂၆ သန်းကျော် ရှိကြောင်း တရုတ်နိုင်ငံပိုင် ရုပ်သံလိုင်း CCTV က ဖော်ပြခဲ့သည်။ နှစ်သစ်ကူးပွဲတော်မစတင်မီတွင် မိသားစုနှင့်ပြန်ဆုံစည်းရန် လူပေါင်း ၄ ဒသမ ၁ သန်းကျော်က ရထားဖြင့်လည်းကောင်း  ၇၅၆ ၀၀၀ ဦးခန့်က လေကြောင်းဖြင့်လည်းကောင်း ခရီးသွားခဲ့ကြသည်ဟု သတင်းများတွင် ဖော်ပြထားသည်။

တရုတ်တွင် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ရုတ်ခြည်းအဆုံးသတ်ပြီးနောက် ဒီဇင်ဘာ ၈ ရက်မှ ဇန်နဝါရီ ၁၂ ရက်အတွင်း တစ်နိုင်ငံလုံးရှိ ဆေးရုံများတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၆၀ ၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း အစိုးရအချက်အလက်များကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ပျံ့နှံ့မှုကို ထိန်းချုပ်ရန် တင်းကျပ်သော ပိတ်ဆို့ကန့်သတ်မှုများ၊ ခရီးအသွားအလာကန့်သတ်မှုများနှင့် အစုလိုက်အပြုံလိုက် ရောဂါစမ်းသပ်မှုများ လုပ်ဆောင်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required