တရုတ်သမ္မတ၏ ပြည်တွင်းလုပ်ငန်းကာကွယ်ရေးနှင့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒက စီးပွားရေးကို အဟန့်အတားဖြစ်စေ

By ANI  
02 February 2023
တရုတ်သမ္မတ၏ ပြည်တွင်းလုပ်ငန်းကာကွယ်ရေးနှင့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒက စီးပွားရေးကို အဟန့်အတားဖြစ်စေ

တရုတ်သမ္မတရှီကျင့်ဖျင်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒနှင့်  ပြည်တွင်းလုပ်ငန်းများကို ပြည်ပယှဉ်ပြိုင်မှုမှကာကွယ်ပေးရေးမူဝါဒများသည် တိုင်းပြည်စီးပွားရေး ဆုတ်ယုတ်မှုတွင် အဓိကနေရာက ပါဝင်နေသောကြောင့် အခက်ကြုံနေသည့် တရုတ်စီးပွားရေးသည် များမကြာမီအချိန်အတွင်း တိုးတက်နိုင်ဖွယ်မရှိကြောင်း Global Strat View က ဖော်ပြလိုက်သည်။

ဟောင်ကောင်အခြေစိုက် စီးပွားရေးပညာရှင် ကျီဝေကျန်းက တရုတ်စီးပွားရေးတွင် ကိုဗစ်ကူးစက်မှု၏ ဆိုးရွားသောသက်ရောက်မှုနှင့် လူဦးရေအပေါ် ရှီအစိုးရ၏ အားထားနေမှုကို အလေးပေးဖော်ပြခဲ့သည်။
"ရှေ့ဆက်သွားမယ်ဆိုရင် လူဦးရေက အဟန့်အတားဖြစ်လာပါလိမ့်မယ်။ စီးပွားရေးတိုးတက်မှုက အစိုးရမူဝါဒအရလုပ်ဆောင်တဲ့ ထုတ်ကုန်တိုးတက်မှုအပေါ် ပိုမိုမူတည်နေပါလိမ့်မယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်ဂျီဒီပီသည် ၂၀၂၂ခုနှစ်တွင် ၃ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး မော်စီတုံးခေတ်နောက်ပိုင်း အဆိုးရွားဆုံး ဖြစ်သည်။ ခုန်ပျံကျော်လွှားရေးအစီအစဉ်နှင့် ယဉ်ကျေးမှုတော်လှန်ရေးကာလများအတွင်း အလားတူစီးပွားရေး ကျဆင်းမှုများရှိခဲ့ကြောင်း Global Strat View က ဖော်ပြခဲ့သည်။

ထိန်းချုပ်မရသော ကိုဗစ်ကူးစက်မှုနှင့် လူဦးရေကျဆင်းမှုအကျပ်အတည်းများကြောင့် ပြင်းထန်သော ထိုးနှက်ချက်များ ရှိလာနိုင်မည်ဟု မျှော်လင့်ရပြီး အခက်အခဲကြားတွင် အချိန်ကြာမြင့်စွာ ရှိနေနိုင်သည်။
ထို့ပြင် လူဦးရေကျဆင်းမှုကြောင့် လုပ်သားအင်အားနည်းပါးလာသည့် ပြဿနာအသစ်နှင့် ရင်ဆိုင်နေရသည်။

ယင်းအချက်များသည် ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုကဏ္ဍများကဲ့သို့သော တရုတ်၏ အဓိက စီးပွားရေးကဏ္ဍ အာလုံးကို ပြင်းထန်စွာ သက်ရောက်မှုရှိနိုင်ကြောင်း Global Strat View က ဖော်ပြခဲ့သည်။
လုပ်သားအင်အားကျဆင်းမှုကြောင့် ၂၀၃၆ ခုနှစ်နောက်ပိုင်းတွင်ပင် တရုတ်ဂျီဒီပီသည် အမေရိကန်ကို ကျော်လွန်သွားရန် မဖြစ်နိုင်သေးကြောင်း ပုဂ္ဂလိကပညာရှင်အဖွဲ့ဖြစ်သည့် ဂျပန်စီးပွားရေး သုတေသနစင်တာက ခန့်မှန်းထားသည်။

ပြည်တွင်းငွေကြေးဖောင်းပွမှု၊ စွမ်းအင်အကျပ်အတည်းနှင့် ပထဝီဝင်နိုင်ငံရေးတင်းမာမှုများသည် တရုတ်၏  စီးပွားရေးပြန်လည်နာလန်ထူလာမှုကို ထိခိုက်စေမည့် ရှီအစိုးရက ဖန်တီးထားသော အတားအဆီးများ ဖြစ်သည်ဟု ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly