ရှီကျင့်ဖျင်၏ အကြွင်းမဲ့အာဏာကြောင့် ဆုံးရှုံးနစ်နာမှု များပြားလာမည့် တရုတ်နိုင်ငံနှင့်ပြည်သူများ

By ANI  
30 January 2023
ရှီကျင့်ဖျင်၏ အကြွင်းမဲ့အာဏာကြောင့် ဆုံးရှုံးနစ်နာမှု များပြားလာမည့် တရုတ်နိုင်ငံနှင့်ပြည်သူများ

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အကြွင်းမဲ့အာဏာကြောင့် တရုတ်နိုင်ငံနှင့် တရုတ်ပြည်သူများ ဆုံးရှုံးနစ်နာမှုများစွာ ကြုံတွေ့ရလိမ့်မည်ဟု ‘The Power of Crisis’ စာအုပ်ကို ရေးသားသူ  လန်းဘရမ်မာက Nikkei Asia တွင် ရေးသားထားသည်။

သမ္မတ ရှီကျင့်ဖျင်သည် မော်စီတုံးနောက်ပိုင်း ယခင်ခေါင်းဆောင်များထက် အာဏာရပါတီနှင့်တရုတ်နိုင်ငံအပေါ် ပိုမိုတင်းကျပ်စွာချုပ်ကိုင်ပြီး ယမန်နှစ် ကွန်မြူနစ်ပါတီညီလာခံတွင် ထပ်မံရွေးချယ်ခံရပြီးနောက် ယခုအခါ သန်းပေါင်းများစွာသော ပြည်သူများ၏ဘဝကို ထိခိုက်စေမည့် အဆီအငေါ်မတည့်သော ဆုံးဖြတ်ချက်များကို ပြိုင်ဘက်မရှိ ချမှတ်ခွင့်ရနေကြောင်း Eurasia Group နှင့် GZERO Media တို့၏ ဥက္ကဋ္ဌလည်း ဖြစ်သူ   ဘရမ်မာက ပြောကြားခဲ့သည်။ 

ရှီ၏ အာဏာသည် ကမ္ဘာ့ပြဿနာတစ်ရပ် ဖြစ်လာပြီး ပြည်ပထုတ် mRNA ကာကွယ်ဆေးများ တင်သွင်းရန် ငြင်းဆန်မှုကြောင့် တရုတ်ပြည်သူ ၁ ဒသမ ၄ ဘီလီယံသည် ကိုဗစ်-၁၉ ကပ်ရောဂါကို ခံနိုင်ရည်ရှိသင့်သလောက် မရှိခဲ့ပေ။
ရှီကျင့်ဖျင်၏ထိန်းချုပ်မှုကြောင့် အခြားနယ်ပယ်များတွင်လည်း များစွာထိခိုက်စေခဲ့သည်ဟု ဘရမ်မာက ပြောကြားခဲ့သည်။

နိုင်ငံတွင်း သတင်းစီးဆင်းမှုအပေါ် လွှမ်းမိုးမှုလွန်ကဲသွားမည်ကို စိုးရိမ်သည့်အတွက် ပုဂ္ဂလိကကဏ္ဍမှ နည်းပညာ ကုမ္ပဏီများကို လျှို့ဝှက်နှိမ်နင်းခြင်းသည် တရုတ်နိုင်ငံ၏ ဆန်းသစ်တီထွင်မှုရှိသည့် ဒစ်ဂျစ်တယ် နည်းပညာသစ်များ ဖန်တီးနိုင်စွမ်းနှင့် တရုတ်တွင်ရင်းနှီးမြှုပ်နှံရန် လုံခြုံစိတ်ချရမှုအပေါ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ထိခိုက်စေခဲ့သည်။
ထိုအချက်ကြောင့် အကျိုးဖြစ်ထွန်းမှုအရှိဆုံးနယ်ပယ်တစ်ခုဖြစ်သည့် တရုတ်ပုဂ္ဂလိကကဏ္ဍ၏ စျေးကွက်တန်ဖိုးမှ ဒေါ်လာ ၁ ထရီလီယံ ဆုံးရှုံးသွားခဲ့ရသည်ဟု Nikkei Asia တွင် ဖော်ပြထားသည်။

နိုင်ငံခြားရေးမူဝါဒတွင် ရုရှားက ယူကရိန်းကို မကျူးကျော်မီ ၃ ပတ်အလိုက ရုရှားနှင့် အကန့်အသတ်မရှိ ချစ်ကြည်ရင်းနှီးမှုအကြောင်း ရှီ၏ကြေညာချက်ကြောင့် နိုင်ငံတကာစနစ်ကို ပြန်လည်ပြင်ဆင်လိုသည့် သမ္မတဗလာဒီမာပူတင်၏ ဆန္ဒနှင့်ထပ်တူကျနေသည့်အတွက်  အမေရိကနှင့်ဥရောပတွင် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
ထို့ပြင် အကြွင်းမဲ့အာဏာရှင် ရှီ၏ပြဿနာသည် ၂၀၂၃ ခုနှစ်တွင် ပိုမိုကြီးမားလာလိမ့်မည်ဟု ဘရမ်မာက ပြောကြားခဲ့သည်။

ဂရုတစိုက်ကြိုတင်ပြင်ဆင်မှုမရှိဘဲ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ရုပ်သိမ်းရန် အံ့အားသင့်ဖွယ် ဆုံးဖြတ်ချက်ကြောင့် တရုတ်ပြည်သူ ၁ သန်း သို့မဟုတ် ထိုထက်ပို၍ အသက်ဆုံးရှုံးခဲ့နိုင်သည်။
ဘုရင်ဧကရာဇ်တစ်ပါးသာလျှင် သာမန်ထက်လွန်ကဲသော အလှည့်အပြောင်းကို လုပ်ဆောင်နိုင်သည်ဟု Nikkei Asia တွင် ဖော်ပြထားသည်။

နိုင်ငံခြားရေးမူဝါဒတွင် ရှီ၏ အမျိုးသားရေးအမြင်နှင့် ရန်လိုသည့်ပုံစံများက ပြိုင်ဘက်များ၊ မဟာမိတ်များနှင့် မိတ်ဆွေ သို့မဟုတ် ပြိုင်ဘက် အဖြစ်ရပ်တည်ရန် တွန့်ဆုတ်နေသည့် အစိုးရအများအပြားနှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးကို ပုံဖော်ပေးပေလိမ့်မည်။
ပြည်တွင်းစီးပွားရေးစိန်ခေါ်မှု အတိုင်းအတာနှင့် အလျင်လိုမှုများကြောင့် နိုင်ငံသည် ရေတိုပြဿနာများကို မကိုင်တွယ်နိုင်ကြောင်း ရှီက နားလည်ထားသည်။ သို့သော် သံတမန်များက ရှီ၏ ရန်လိုသောနိုင်ငံခြားရေးမူဝါဒ လေသံအတိုင်း သံယောင်လိုက်ခြင်းကြောင့် ဝံပုလွေစစ်သည်သံတမန်ဆက်ဆံရေးသည် ပြင်းထန်လာမည် ဖြစ်သည်။

ထိုသို့ အကြွင်းမဲ့အာဏာကို ဆုပ်ကိုင်ထားသော တရုတ်ခေါင်းဆောင်တစ်ဦးကြောင့် ဆိုးရွားသည့် အငတ်ဘေး၊ စီးပွားရေး ပြိုလဲမှုနှင့် လူသန်းပေါင်းများစွာ သေဆုံးမှုများ ကြုံတွေ့ခဲ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required