ရေဒီယိုသတ္တိကြွယူရေနီယံပါသော ပါကစ္စတန်ကုန်စည်ကို  ဗြိတိန် ဟီးသရိုးလေဆိပ်တွင် သိမ်းဆည်းရမိ 

By ANI
18 January 2023
ရေဒီယိုသတ္တိကြွယူရေနီယံပါသော ပါကစ္စတန်ကုန်စည်ကို  ဗြိတိန် ဟီးသရိုးလေဆိပ်တွင် သိမ်းဆည်းရမိ 

ရေဒီယိုသတ္တိကြွဓာတုဗုံးပြုလုပ်ရာတွင် အသုံးပြုနိုင်သည့် ယူရေနီယံ ကီလိုဂရမ်များစွာပါသော ပါကစ္စတန်ကုန်စည်ကို  ဗြိတိန်နိုင်ငံ ဟီးသရိုး လေဆိပ်တွင် သိမ်းဆည်းရမိခဲ့ကြောင်း The Sun သတင်းစာက ဖော်ပြသည်။
ပါကစ္စတန်မှတင်ပို့လိုက်သော ယူရေနီယံပါဝင်သည့် ကုန်စည်သည်  မတ်စကတ်မြို့မှ အိုမန်လေကြောင်းလိုင်းဖြင့် ဟီးသရိုးလေဆိပ်  ဂိတ်အမှတ် ၄  သို့ ရောက်ရှိလာခြင်းဖြစ်သည်။
ရေဒီယိုသတ္တိကြွပစ္စည်းများ ပါဝင်သော ကုန်စည်ကို ဒီဇင်ဘာ ၂၉ ရက်က ပုံမှန်စစ်ဆေးမှုများ ပြုလုပ်စဉ် ဗြိတိန် လေဆိပ်၌ တွေ့ရှိခဲ့သည်။ ဟီသရိုးလေဆိပ် ကုန်စည်ပို့ဆောင်ရေးဌာနတွင် တွေ့ရှိခဲ့သည့် ယူရေနီယံသည် ဗြိတိန်ရှိ အီရန်နှင့်ချိတ်ဆက်ထားသော ကုမ္ပဏီတစ်ခုထံ ပေးပို့ခဲ့ကြောင်း The Sun က ဖော်ပြခဲ့သည်။ ထိုသို့တွေ့ရှိပြီးနောက် ဗြိတိန်သည် အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးစုံစမ်းစစ်ဆေးမှုကို စတင်ခဲ့သည်။
နယ်ခြားစောင့်တပ်မှ အေးဂျင့်များက အဆိုပါကုန်ပစ္စည်းကို စိစစ်ခဲ့ကာ ယူရေနီယံဖြစ်ကြောင်း တွေ့ရှိပြီးနောက် အကြမ်းဖက်မှုနှိမ်နင်းရေး အရာရှိများကို ဆက်သွယ်ခဲ့သည်။
" ဗြိတိန်နိုင်ငံထဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှာ ရောက်လာတဲ့ ပစ္စည်းကို စစ်ဆေးရာမှာ အန္တရာယ်ရှိတဲ့ ရေဒီယိုသတ္တိကြွပစ္စည်း အနည်းငယ်ကို တွေ့ပြီးတဲ့နောက် ဟီးသရိုးလေဆိပ်မှာရှိတဲ့ နယ်စပ်ရေးရာတပ်ဖွဲ့တွေက အကြမ်းဖက်မှုနှိမ်နှင်းရေးအဖွဲ့ကို ဆက်သွယ်ခဲ့ပါတယ်” ဟု ရဲတပ်ဖွဲ့က ဗြိတိန်အခြေစိုက် မီဒီယာအေဂျင်စီ MailOnline သို့ပြောသည်။ 
“တွေ့ရှိတဲ့ ယူရေနီယံ ပမာဏဟာ အလွန်နည်းပြီး ပညာရှင်တွေရဲ့ အကဲဖြတ်ချက်အရ ပြည်သူတွေအတွက် ခြိမ်းခြောက်မှုမဖြစ်နိုင်တာကြောင့် စိတ်အေးအေးနေကြပါ” ဟု တပ်မှူး ရစ်ချက်စမစ်သ်က Dailymail Online သို့ ပြောသည်။
အဆိုပါ ကုန်ပစ္စည်းအားတွေ့ရှိမှုကြောင့် နျူကလီယားပစ္စည်းများ မှောင်ခိုကူးရန် ပါကစ္စတန်အား တစ်ဆင့်ခံနေရာအဖြစ် အသုံးပြုနိုင်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာစေသည်။
ယူရေနီယံသည် သန့်စင်ပြီးနောက် နျူကလီးယားဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်သည့် သဘာဝအလျောက်တွေ့ရသည့် ဒြပ်စင်တစ်မျိုးဖြစ်သည်။
ယင်းဖြစ်ရပ်ကြောင့် ပါကစ္စတန်တွင် နျူကလီးယားလက်နက် ကိုင်ဆောင်ထားနိုင်မှုအပေါ် စိုးရိမ်စရာများရှိလာသည်။  ပါကစ္စတန်သည် တရားမဝင် နျူကလီးယားနည်းပညာနှင့် ဆက်စပ်ပစ္စည်းများ ပြန့်ပွားရေးကို လုပ်ဆောင်သည်ဟု ယခင်က သတင်းများထွက်ပေါ်ခဲ့သည်။ 
ပါကစ္စတန်မှ နျူကလီးယားဗုံးဖခင်ကြီး အဗ္ဗဒူ ကာဒီးယားခန်းသည် နျူကလီးယားနည်းပညာ မှောင်ခိုဈေးကွက်ကို ဆယ်စုနှစ်တစ်ခုကျော် လုပ်ကိုင်ခဲ့ပြီး အီရန်၊ လစ်ဗျားနှင့် မြောက်ကိုရီးယား ကဲ့သို့သော နိုင်ငံများအတွက် နျူကလီးယားလျှို့ဝှက်ချက်များကို ပံ့ပိုးပေးခဲ့ကြောင်း ကမ္ဘာနိုင်ငံများက ၂၀၀၄ ခုနှစ်တွင် သိရှိပြီး အံ့အားသင့်ခဲ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required