ဒီပဲယင်းမြို့နယ်မှ ကျေးရွာ ၂ ရွာ ကို စစ်ကောင်စီတပ်မီးရှို့၊ အသက် ၈၅ နှစ်အရွယ် အဖိုးအိုတစ်ဦး မီးရှို့ သတ်ဖြတ်ခံရ

By MTO(မဇ္ဈိမ)
12 January 2023
ဒီပဲယင်းမြို့နယ်မှ ကျေးရွာ ၂ ရွာ ကို စစ်ကောင်စီတပ်မီးရှို့၊ အသက် ၈၅ နှစ်အရွယ် အဖိုးအိုတစ်ဦး မီးရှို့ သတ်ဖြတ်ခံရ

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ အင်တိုင်းလေးကျေးရွာနှင့် ချောင်းနားကျေးရွာတို့ကို ဇန်နဝါရီလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အသက် ၈၅ နှစ်အရွယ်အဖိုးအိုတစ်ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်းအဖွဲ့ အစည်းများထံမှ သိရသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အင်တိုင်းလေးကျေးရွာမှ နေအိမ် ၃၃ လုံးနှင့် ချောင်းနားကျေး ရွာမှ နေအိမ် ၁၁ လုံး စုစုပေါင်း နေအိမ် ၄၄ လုံးခန့် မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်သည်။

“အင်တိုင်းလေးကျေးရွာက အဖိုးဦးဝန်မြက အသက် ၈၅ နှစ်ရှိပြီ ကျန်းမာရေးမကောင်းတော့ စစ်ကြောင်း ထိုးတာတောင်မသိဘူး။ သူလည်း မီးထဲပါသွားတာ” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှတာဝန်ရှိသူ တစ်ဦးကပြောသည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်က အင်တိုင်းလေးကျေးရွာသို့ ရုတ်တရက်ဝင်ရောက်စီးနင်း ခဲ့ခြင်းကြောင်း မပြေးနိုင်သည့်အဖိုးအဖွားများပိတ်မိနေခဲ့ပြီး စစ်ကြောင်းထွက်ခွာချိန်၌ ပြန်လည်လွတ် မြောက်လာသူများရှိသော်လည်း ပျောက်ဆုံးနေသူများရှိကြောင်း သိရသည်။

ပျောက်ဆုံးနေသူများမှာ အင်တိုင်းလေးကျေးရွာမှ ဦးမြင့်ညိမ်း၊ ဦးတင်မိုး၊ ဒေါ်ဖြူနှင့် ချောင်းနားကျေးရွာ မှ ဦးမြင့်ဆွေတို့ ဖြစ်ကြောင်းသိရသည်။

“ပျောက်ဆုံးနေတဲ့သူတွေနဲ့ နောက်ဆုံးအချိန်အထိ အဆက်အသွယ်မရသေးဘူး။ သူတို့ရဲ့အခြေအနေ လည်း မသိရသေးဘူး။ တစ်ဦးကတော့ ဖမ်းခံလိုက်ရတာကို သူ့အဖေကိုယ်တိုင်ကမြင်လိုက်လို့ အတည် ပြုလိုက်နိုင်တယ်” ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီလဆန်းမှစတင်ကာ ဒီပဲယင်းမြို့နယ်အတွင်း တစ်ကျော့ပြန် မီးရှို့နေခြင်း ကြောင့် ကျေးရွာပေါင်း ၁၂ ရွာမှ အိမ်ခြေပေါင်း ၃၇၀ ခန့် မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

မီးဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ခြုံစောင်များ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required