ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရဲ့ 'လေးစားမှု ကင်းမဲ့တဲ့' မှတ်ချက်တွေကြောင့် 'ဂန္ထဝင်' ဇီဒန်းကို အမ်ဘာပေ ကာကွယ်ပြောဆို

ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရဲ့ 'လေးစားမှု ကင်းမဲ့တဲ့' မှတ်ချက်တွေကြောင့် 'ဂန္ထဝင်' ဇီဒန်းကို အမ်ဘာပေ ကာကွယ်ပြောဆို

လက်ရွေးစင်ဟောင်း ဇီနဒင် ဇီဒန်းနဲ့ ပတ်သက်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF) ဥက္ကဋ္ဌရဲ့ "လေးစားမှု ကင်းမဲ့တဲ့" မှတ်ချက်တွေကို ကိုင်လီယန် အမ်ဘာက တနင်္ဂနွေနေ့က ပြစ်တင်ဝေဖန်ခဲ့ပြီး ပီအက်စ်ဂျီစူပါစတားဟာ သူ့နိုင်ငံသား ကမ္ဘာ့ဖလားပိုင်ရှင်ကို ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

"ဇီနဒင် ဇီဒန်းတစ်ယောက်၊ ဖုန်းဆက်လာခဲ့မယ်ဆိုရင် ကျနော် ဖုန်းတောင် ကိုင်မှာ မဟုတ်ဘူး"လို့ FFF ဥက္ကဋ္ဌ နိုအဲလီဂရက်ဒ်က ပြင်သစ်ရေဒီယိုနဲ့ အင်တာဗျူးတစ်ခုမှာ ဒီဒီယာ ဒက်စ်ချမ့်ရဲ့ နည်းပြနေရာကို တာဝန်ယူဖို့ ဇီဒန်းက စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆို ခေါ်ဆိုခဲ့တာ ရှိ၊ မရှိ မေးမြန်းရာမှာ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။

ကာတာမှာ ဒီဇင်ဘာ ၁၈ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ စိတ်လှုပ်ရှားစရာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်တို့ အာဂျင်တီးနားကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့အပြီး ဒက်စ်ချမ့်ရဲ့ စာချုပ်ဟာ သက်တမ်းကုန်းဆုံးခဲ့တာပါ။

ဒါပေမယ့်လည်း စနေနေ့က ဒက်စ်ချမ့်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားအထိ စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။

ကစားသမားအနေနဲ့ ဒက်စ်ချမ့်နဲ့အတူ ၁၉၉၈ ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့ပြီး ၂၀၀၆ မှာ ဒုတိယရခဲ့တဲ့ ဇီဒန်းကို မကြာသေးခင်ရက်တွေအတွင်းက ခေါ်ဆိုခဲ့တာ ရှိမရှိ မေးမြန်းရာမှာ လီဂရက်ဒ်က ရီးယဲလ်မက်ဒရစ်နည်းပြဟောင်းကို ဖြစ်လာနိုင်ချေရှိတဲ့ နည်းပြလောင်းတစ်ယောက်အဖြစ်ကနေ ပယ်ခဲ့ပါတယ်။

"ကျနော် သူ့ဆီ ဖုန်းဆက်ခေါ်တာတောင်မှ မလုပ်ဖြစ်ခဲ့ဘူး" လို့ လီဂရက်ဒ်က ပြောပါတယ်။ "သူ့ကို ဘာပြောရမလဲ၊ 'ဟယ်လို ဆရာ၊ စိတ်မပူပါနဲ့ တခြားကလပ်အသင်းကို ရှာလိုက်ပါ၊ ဒီဒီယာနဲ့ စာချုပ်ချုပ်ဖို့ သဘောတူလိုက်ပါပြီ"

ဒါပေမယ့်လည်း ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားကို ဆွတ်ခူးပြီး ကာတာမှာ ဒုတိယရရှိခဲ့သူ အမ်ဘာပေက လီဂရက်ဒ်ရဲ့ ပြောဆိုတာကို သဘောမတူဖြစ်ခဲ့ပါတယ်။

"ဇီဒန်းက ပြင်သစ်ဗျ၊ ဂန္တဝင်ကြီးတစ်ယောက်ကို မလေးမစားလုပ်လို့ မရဘူးလေ ..."လို့ ပီအက်စ်ဂျီတိုက်စစ်မှူးက Twitter မှာ ရေးသားခဲ့ပါတယ်။

ဘရာဇီးလ်အသင်းကို နည်းပြဖို့ ဇီဒန်းရဲ့ စိတ်ဝင်စားမှုနဲ့ ပတ်သက်လို့ သတင်းတွေကို အသက် ၈၈ နှစ်ရှိ FFF ဥက္ကဋ္ဌ လီဂရက်ဒ်က တိုတိုတုတ်တုတ် တုံ့ပြန်ခဲ့ပါတယ်။

“သူ အဲဒီနေရာအတွက် ထွက်သွားရင် ကျနော် အံ့သြမိလိမ့်မယ်”လို့ သူက ဆိုပါတယ်။

“သူလုပ်ချင်တာကို လုပ်တယ်၊ အဲဒါက ကျနော်နဲ့ မသက်ဆိုင်ပါဘူး။ သူနဲ့ တစ်ခါမှ မဆုံဖူးသလို ကျနော်တို့က ဒက်စ်ချမ့်နဲ့လည်း လမ်းခွဲဖို့ တစ်ခါမှ မစဉ်းစားဖူးပါဘူး။

"သူလိုချင်တဲ့ ကလပ်တစ်သင်းရှိတဲ့ နေရာကို သွားနိုင်တယ်။ ဥရောပမှာ သူလိုချင်သလောက် ကလပ်အသင်းကြီတစ်သင်းကို ကိုင်တွယ်နိုင်လိမ့်မယ်။ နိုင်ငံအနေနဲ့ဘက်ကြည့်ရင် ကျနော် အမြင်အရ ဒါကို မယုံနိုင်ပါဘူး။"

ဇီဒန်းဟာ ရီယဲလ်အသင်း မန်နေဂျာအဖြစ် လာလီဂါဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ဆက်တိုက် ရရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်က စပိန်ကလပ်ကနေ ထွက်ခွာခဲ့ပါတယ်။

ပြင်သစ်အားကစားဝန်ကြီး ကတ်စ်တဲယာက တနင်္ဂနွေနေ့နှောင်းပိုင်းမှာ လီဂရက်ဒ်ကို သူ့ရဲ့မှတ်ချက်တွေအတွက် တောင်းပန်ဖို့ တောင်းဆိုခဲ့ပြီး ဒီပြောဆိုမှုတွေက "ရှက်စရာကောင်းတဲ့ လေးစားမှုကင်းမဲ့မှု"ကို ပြသခဲ့တယ်လို့ သူမက ပြောပါတယ်။

ဒါ့အပြင် ရီးယဲလ်မက်ဒရစ်ကလည်း လီဂရက်ဒ်ရဲ့ ဇီဒန်းအပေါ် မှတ်ချက်တွေနဲ့ ပတ်သက်လို့လည်း ကမ္ဘာတစ်ဝှမ်းက ဘောလုံးပရိသတ်တွေရဲ့ အလေးစားရဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးကို လေးစားမှုမရှိခြင်းကို ပြသနေပြီး ကျနော်တို့ကလပ်အသင်းဟာ ချက်ချင်းပြင်ဆင်ပေးတာကို စောင့်မျှော်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required