ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆိုခဲ့ပြီးနောက် အမ်ဘာပေရဲ့ အနာဂတ်ဟာ သံသယကြီးစရာဖြစ်နေ

ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆိုခဲ့ပြီးနောက် အမ်ဘာပေရဲ့ အနာဂတ်ဟာ သံသယကြီးစရာဖြစ်နေ

ကိုင်လီယန် အမ်ဘာပေက သူဟာ ဒီနွေရာသီမှာ အသင်းကနေ လီယွန်နယ် မက်ဆီ ထွက်ခွာပြီးနောက် သူ့ကို ၂၀၂၅ အထိ စာချုပ်သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ကို ရယူမှာမဟုတ်ဘူးလို့ တနင်္လာနေ့က ပဲရစ်စိန့်ဂျာမိန်းကို ပြောကြားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးရဲ့ လက်ရှိစာချုပ်ဟာ လာမယ့်ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ်တစ်နှစ် စာချုပ်ချုပ်ခွင့်လည်း ရှိနေပါတယ်။

တကယ်လို့ သူသာ စာချုပ်မချုပ်ဆိုဘူးဆိုရင် ပြင်သစ်ချန်ပီယံတွေဟာ တစ်နှစ်တာအတွင်း သူ့ကို ဆုံးရှုံးနိုင်ချေရှိပါတယ်။ ဒါ့ကြောင့် သူတို့ဟာ အခုအခါ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးကို ဆောင်းရာသီမှာ လက်လွှတ်ရမယ့်အစား ဒီနွေရာသီမှာ သူ့ကို ရောင်းချနိုင်ဖွယ်ရှိပါတယ်။

သက်တမ်းမတိုးဖို့ အမ်ဘာပေရဲ့ ဆုံးဖြတ်ချက်ကို ကလပ်အသင်းထံ ပေးစာမှာ ထုတ်ပြန်ခဲ့ပြီး ပြင်သစ်အားကစားနေ့စဉ်သတင်းစာ L'Equipe ကလည်း ဖော်ပြခဲ့ပါတယ်။ မက်ဆီကို အင်တာမိုင်ယာမီထံ ဆုံးရှုံးလိုက်ရပြီးနောက် ပီအက်စ်ဂျီအတွက် ထိုးနှက်ချက်အသစ်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

အမ်ဘာပေအတွက် ဆုံးဖြတ်ဖို့ နောက်ဆုံးရက်မှာ ၂၀၂၃ ဇူလိုင်လ ၃၁ ရက်နေ့ဖြစ်ပါတယ်။

အမ်ဘာပေဟာ ပဲရစ်စိန့်ဂျာမိန်းမှာ ဆက်ရှိနေဖို့ အံ့အားသင့်စရာကောင်းတဲ့ စာချုပ်သက်တမ်းတိုးတာကြောင့် ရီးယဲလ်မက်ဒရစ်ကို ငြင်းပယ်ခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ အပြောင်းအရွှေ့အလှုပ်အခတ်က တစ်နှစ်ကျော်လောက်မှာ ဖြစ်လာတာပါ။

ရီးယဲလ်ဟာ အနာဂတ်မှာ အမ်ဘာပေကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အဓိက အသင်းတစ်သင်းအနေနဲ့ ဖြစ်လာပြန်ပါတယ်။

တနင်္လာနေ့ညနေနှောင်းပိုင်းက မေးမြန်းတဲ့အခါ အမ်ဘာပေရဲ့ ကိုယ်စားလှယ်ဖြစ်သူတွေက ချက်ချင်းတုံ့ပြန်တာ မရှိပါဘူး။

၂၀၂၄ နွေရာသီမှာ တိုက်စစ်ကစားသမားရဲ့လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ သူ့ရဲ့ အလွတ်ထွက်ခွာသွားတာက ပီအက်စ်ဂျီအတွက် ဆိုးရွားစေမှုကို ပြသတာပါပဲ။

အသင်းမှာ ပျက်ပြားမှုတွေ ကျန်ခဲ့တဲ့အပြင် ကလပ်အသင်းက ရရှိမယ့် ပြောင်းရွှေ့ကြေး ယူရိုသန်းပေါင်းများစွာကိုလည်း ဆုံးရှုံးမှာဖြစ်ပါတယ်။

၂၀၂၅ အထိ စာချုပ်ချုပ်ဆိုထားတဲ့ ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာရဲ့အနာဂတ်ဟာ ပြင်သစ်မြို့တော်မှာ ကသောင်းကနင်းဖြစ်လာမယ့် နွေရာသီအပြောင်းအရွှေ့မတိုင်ခင်မှာ မရေမရာလည်းဖြစ်နေပါတယ်။

အနာဂတ်အတွက် သံသယတွေ ကြီးထွားလာခြင်း

အမ်ဘာပေဟာ ၂၀၁၇ သြဂုတ်လက မိုနာကိုအသင်းကနေ တစ်ရာသီအငှားနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီကနေ ယူရိုသန်း ၁၈၀ (ဒေါ်လာ ၁၉၄ သန်း) တန် စာချုပ်နဲ့ အပြီးသတ်ချုပ်ဆိုခဲ့ပါတယ်။

သူဟာ ၂၀၁၈ မှာ ဆယ်ကျော်သက်အရွယ်အနေနဲ့ ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပြီး ကမ္ဘာ့စင်မြင့်ထက်မှာ ဦးဆောင်သူလု့ိ သူ့ကိုယ်သူ သက်သေပြခဲ့ပါတယ်။

အမ်ဘာပေဟာ ပြင်သစ်ရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ မက်ဆီရဲ့ အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာလည်း ဟက်ထရစ်သွင်းယူခဲ့ပြီး ပီအက်စ်ဂျီအသင်းကို စံချိန်တင် ၁၁ ကြိမ်မြောက် ပြင်သစ်အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၄ မှာ ထွက်ခွာနိုင်ဖွယ်ရှိတယ်လို့ အမ်ဘာပေက ပြီးခဲ့တဲ့လက အရိပ်အမြွက်ပြောခဲ့ပါတယ်။

"နောက်နှစ်မှာ ကျနော် ပီအက်စ်ဂျီ ကစားမယ်လို့ ပြောတယ်။ ကျနော့်မှာ စာချုပ်တစ်နှစ်ကျန်သေးတယ်။ ဒီတော့ ကျနော့်စာချုပ်ကို လေးစားမှာပါ"လို့ သူက ၅ နှစ်ဆက် လီဂူး-ဝမ်း တစ်ရာသီတာ အကောင်းဆုံးကစားသမားအဖြစ် ရွေးချခံခဲ့ရတဲ့ ဆုပေးပွဲအခမ်းအနားမှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ပြောပါတယ်။

ပြင်သစ်အသင်းဟာ သူတို့ရဲ့ လာမယ့် ယူရိုခြေစစ်ပွဲတွေအတွက် Clairefontaine မှာ ပြင်ဆင်နေပြီး တိုက်စစ်မှူးဟာ တနင်္လာနေ့က စိတ်အေးလက်အေး ဖြစ်နေပုံရပါတယ်။

နည်းပြ ဒီဒီယာ ဒက်စ်ချမ့်၊ တိုက်စစ်ဖော် အန်တိုနီ ဂရစ်ဇ်မန်းတို့နဲ့အတူ ပြုံးပြီး စနောက်ရင်း နေ့လည်ခင်း လေ့ကျင့်ရေးမှာ ပူးပေါင်းပါဝင်ခဲ့ပြီး ပရိသတ်တွေအတွက် လက်မှတ်များစွာ ရေးထိုးပေးခဲ့ပါတယ်။

ပြင်သစ်ဖလားကို ရယူထားပေမယ့် ကွင်းတွင်းနဲ့ ကွင်းပြင်ပမှာ ခက်ခဲတဲ့ ရာသီအပြီး ပီအက်ဂျီထံ အမ်ဘာပေရဲ့ ရည်ရွယ်ထားတဲ့ ကြေညာချက်က ကလပ်ရဲ့ ကာတာပိုင်ရှင်တွေအတွက် နောက်ထပ်စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

ချန်ပီယံလိဂ်မှာ နောက်ထပ်ကျဆုံးပြီးနောက် ကလပ်ဟာ နည်းပြ ခရစ္စတိုဖီ ဂယ်တီယာရဲ့နေရာ ဆက်ခံမယ့်သူကို ရှာဖွေဖို့ လုပ်ဆောင်နေပါတယ်။

ပီအက်စ်ဂျီဟာ ရှုံးထွက်၁၆ သင်းအဆင့်မှာ ဘိုင်ယန်မြူးနစ်ကို ရှုံးပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီး ပြင်သစ်ဖလားမှာလည်း အလားတူအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် ဒီရာသီကို စိတ်ပျက်စရာအဖြစ် တွင်တွင်ကျယ်ကျယ် ရှုမြင်ခံခဲ့ရပါတယ်။

နေမာဟာ ၂၀၁၇ မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ဘာစီလိုနာကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်းမှာ ဘရာဇီးလ်သားရဲ့ ကြံ့ခိုင်မှုက ပီအက်စ်ဂျီအတွက် ပုံမှန်လို စိုးရိမ်စရာဖြစ်နေပါတယ်။

သူဟာ ပီအက်စ်ဂျီအတွက် ၁၇၃ ပွဲတွင် ၁၁၈ ဂိုး သွင်းယူထားပေမယ့်လည်း ဒဏ်ရာ ဒါမှမဟုတ် ဆိုင်ငံ့တာကြောင့် ပွဲပေါင်း ၁၀၀ ကျော် လွဲချော်ခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required