ထိုင်ဝမ်ပိုင်နက်သို့ တရုတ်၏လေကြောင်းကျူးကျော်မှုများ ၂၀၂၂ ခုနှစ်တွင် နှစ်ဆတိုးလာ

By AFP
06 January 2023
ထိုင်ဝမ်ပိုင်နက်သို့ တရုတ်၏လေကြောင်းကျူးကျော်မှုများ ၂၀၂၂ ခုနှစ်တွင် နှစ်ဆတိုးလာ

ထိုင်ဝမ်အပေါ် တရုတ်၏ ခြိမ်းခြောက်မှုများ ပြင်းထန်လာစဉ်မှာ ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) အတွင်းသို့ တရုတ်စစ်လေယာဉ်များ ကျူးကျော်ဝင်ရောက်မှုသည် ၂၀၂၂ ခုနှစ်တွင် နှစ်ဆနီးပါး တိုးလာခဲ့ပြီး တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များလည်း ပိုမိုအသုံးပြုလာသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်သည် တရုတ်၏ ကျူးကျော်ခြိမ်းခြောက်မှုများကို အမြဲကြုံတွေ့နေရသည်။ ကွန်မြူနစ်ပါတီက ထိုင်ဝမ်ကို တရုတ်၏ ပိုင်နက်အစိတ်အပိုင်းအဖြစ် အခိုင်အမာ ပြောဆိုထားကာ တစ်နေ့နေ့တွင် သိမ်းယူမည်ဟု သန္နိဋ္ဌာန်ချထားသည်။
မျိုးဆက်တစ်ခုအတွင်း သဘောထားအတင်းမာဆုံး ခေါင်းဆောင်တစ်ဦးဖြစ်သည့် သမ္မတ ရှီကျင့်ဖျင်လက်ထက်တွင် နှစ်ဖက်အကြား ဆက်ဆံရေးမှာ နှစ်ပေါင်းများစွာ အေးစက်နေခဲ့သည်။
သို့သော် ဩဂုတ်လက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုဆီ လာရောက်မှုကို ကန့်ကွက်သည့်အနေဖြင့် ရှီ၏စစ်တပ်သည် ကျုးကျော်ဝင်ရောက်မှုများကို အရှိန်မြှင့်ကာ ဆယ်စုနှစ်များစွာအတွင်း အကြီးဆုံးစစ်ရေးလေ့ကျင့်မှုများကို စတင်လိုက်သောကြောင့် ၂၀၂၂ ခုနှစ်တွင် ဆက်ဆံရေး ပိုမိုဆိုးရွားလာခဲ့သည်။
တရုတ်သည် ၂၀၂၂ ခုနှစ်တွင် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုန် (ADIZ) သို့ လေယာဉ် ၁၇၂၇ စင်း စေလွှတ်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ နေ့စဉ်ထုတ်ပြန်ချက်များအပေါ် ကိုးကား၍ AFP က ဖော်ပြခဲ့သည်။
တရုတ်သည် ၂၀၂၁ ခုနှစ်တွင် ကျုးကျော်မှု အကြိမ်ရေ ၉၆၀ ခန့်နှင့် ၂၀၂၀ ခုနှစ်တွင် ၃၈၀ ခန့် ပြုလုပ်ခဲ့သည်။
တိုက်လေယာဉ်များ ကျူးကျော်ဝင်ရောက်မှုသည် ၂၀၂၁ ခုနှစ်တွင် ၅၃၈ ကြိမ်ရှိရာမှ ၁၄၂၁ ကြိမ်ထိ နှစ်ဆကျော် တိုးလာသလို  နျူကလီးယားသယ်ဆောင်နိုင်သော H6 လေယာဉ်များ အပါအဝင် ဗုံးကြဲလေယာဉ်များဝင်ရောက်မှုသည် အကြိမ် ၆၀ မှ ၁၀၁ ကြိမ်အထိ တိုးလာခဲ့သည်။
တရုတ်သည် ယမန်နှစ်က နန်စီပလိုစီ၏ခရီးစဉ်အပြီးတွင် ထိုင်ဝမ်ပိုင်နက်သို့ ဒရုန်းများဖြင့် ပထမဆုံး ကျူးကျော်ဝင်ရောက်ခဲ့ကာ အားလုံးပေါင်း ၇၁ ကြိမ်ရှိခဲ့ကြောင်း ထိုင်ဝမ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။
တရုတ်သည် ထိုင်ဝမ်၏ ကာကွယ်ရေးစွမ်းရည်ကို စုံစမ်းရန်၊ ၎င်း၏ သက်တမ်းရင့် လေတပ်အား အသုံးချရန်နှင့် ထိုင်ဝမ်အပေါ် အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်၏ ပံ့ပိုးကူညီမှုအပေါ် မကျေနပ်ကြောင်း ပြသရန် ကျုးကျော်မှုများ ပြုလုပ်ခဲ့သည်ဟု စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required