ရှန်ဟိုင်း၌ အသွားအလာပိတ်ဆို့မှုနောက်ပိုင်း တရုတ်ပြည်မကြီးတွင် ကိုဗစ်ကြောင့် ပထမဆုံး လူသေဆုံးမှုဖြစ်ပွား

ရှန်ဟိုင်း၌ အသွားအလာပိတ်ဆို့မှုနောက်ပိုင်း တရုတ်ပြည်မကြီးတွင် ကိုဗစ်ကြောင့် ပထမဆုံး လူသေဆုံးမှုဖြစ်ပွား

တရုတ်နိုင်ငံတွင် သီတင်းပတ်ကုန်က ကိုဗစ်ကူးစက်ခံရသူ ၃ ဦး သေဆုံးခဲ့ပြီး ရှန်ဟိုင်းမြို့ကို အသွားအလာ ပိတ်ဆို့ခဲ့သည့် မေလနောက်ပိုင်း တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူသေဆုံးမှုဖြစ်သည်။

အသက် ၈၇ မှ ၉၁ နှစ်အကြားရှိ လူ ၃ ဦးစလုံးသည် ရောဂါအခံများရှိကြပြီး ပေကျင်းတွင် နေထိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ ၎င်းတို့သည် ကာကွယ်ဆေးထိုးထားခြင်း ရှိ မရှိကိုမူ သတင်းတွင် ဖော်ပြမထားပေ။

ပေကျင်းတွင် ရောဂါလက္ခဏာပြသူနှင့်မပြသူအပါအဝင် တစ်နေ့လျှင် ပြည်တွင်းကူးစက်မှု ရာပေါင်းများစွာ ရှိလာသောကြောင့် သီတင်းပန်ကုန်က ကိုဗစ်ထိန်းချုပ်မှုများ တင်းကျပ်လာခဲ့သည်။

ပေကျင်းရှိ စီးပွားရေးလုပ်ငန်းများ တည်ရှိရာ ချောင်ယန်းခရိုင်ရှိ စားသောက်ဆိုင်များသည် ပါဆယ်စနစ်သာ ဝန်ဆောင်မှုပေးတော့သည်။ အားကစားခန်းမများ၊ စူပါမားကတ်များနှင့် ဈေးဝယ်စင်တာ တစ်ခုထက်မနည်းသည် ယာယီပိတ်ထားကြသည်။

ပေကျင်းတချို့နေရာရှိ ကျောင်းများသည် အွန်လိုင်းသင်ကြားမှုစနစ်သို့ ပြောင်းခဲ့ကြသည်။ တိုက်ခန်းနေပြည်သူများမှာ အသွားအလာပိတ်ဆို့ခံထားရကာ အပြင်ထွက်ခွင့်တားမြစ်ခံထားရသည်။

အထူးသဖြင့် တောင်ပိုင်းပြည်နယ်ကွမ်တုန်းရှိ ကွမ်ကျိုးမြို့ သည် ယခုလ၏ ကိုဗစ်ကူးစက်မှုဒဏ်ကို အပြင်းထန်ဆုံး ခံနေရဆဲဖြစ်သည်။ နိုဝင်ဘာ ၂၀ ရက်တွင် ကွမ်တုန်း၌ ရောဂါလက္ခဏာပြသည့် ကူးစက်သူ ၁ ၀၀၀ နီးပါးနှင့် ရောဂါလက္ခဏာမပြသူ ၈ ၀၀၀ ကျော်ရှိသည်။

တရုတ်ပြည်မကြီး၏ နောက်ဆုံး ကိုဗစ်ကူးစက်ပျံ့နှံ့မှုသည် ပြည်နယ်အဆင့် ဒေသ ၃၁ ခုလုံးတွင် ဖြစ်ပွားခဲ့ပြီး ဒေသတွင်း စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကန့်သတ်ချက်အမျိုးမျိုး ချမှတ်ခဲ့ရသည်။

နိုဝင်ဘာ ၂၀ ရက် တစ်ရက်တည်းတွင် တရုတ်ပြည်မကြီး၌ ရောဂါလက္ခဏာ ပြသူနဲ့ မပြသူ အပါအဝင် ကိုဗစ်ကူးစက်ခံရသူ ၂၆ ၀၀၀ ကျော်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required