၅၉(စ) ဆိုင်းငံ့ခွင့်မရှိ၊ ပြင်းထန်သည့် တုန့်ပြန်မှု NLD ရင်ဆိုင်ရမည်ဟု ကြံ့ခိုင်ရေးသတင်းစာ ရေး

၅၉(စ) ဆိုင်းငံ့ခွင့်မရှိ၊ ပြင်းထန်သည့် တုန့်ပြန်မှု NLD ရင်ဆိုင်ရမည်ဟု ကြံ့ခိုင်ရေးသတင်းစာ ရေး

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် ကန့်သတ်ခံထားရသည့် ဖွဲ့စည်းပုံပါပုဒ်မ ၅၉(စ) သည် ဆိုင်းငံ့ခွင့်မရှိသည့် ပုဒ်မတစ်ခုဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထုတ်ဝေနေသည့် ပြည်ထောင်စုနေ့စဉ် သတင်းစာ ဆောင်းပါးက ဆိုလိုက်ပြီး  ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပါက ပြင်းထန်သည့် တုန့်ပြန်မှုများ ရဆိုင်ရဖွယ်ရှိသည်ဟုလည်း သတိပေးလိုက်သည်။

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အကျိုးစီးပွားများကို ထည့်တွက်ခြင်းမရှိဘဲ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖေါ်ဆောင်ရန် ကြိုးပမ်းပါက အင်တားချိန်ခွင်လျှာ ပျက်ယွင်းကာ တပ်မတော်၏ ပြင်းထန်သော တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်” ဟု ဆောင်းပါးရှင် မျိုးဇာနည် ဆိုသူက ရေးသားထားခြင်းဖြစ်သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် ဆိုင်းငံ့ခြင်းဆိုသည် မရှိပါ၊ နိုင်ငံနှင့် တိုင်းရင်းသား ပြည်သူတို့၏ အနာဂတ်အရေး မျှော်တွေး ဆောင်ရွက်ကြ” ဟု ခေါင်းစဉ်တပ်ထားသည့် ဆောင်းပါးကို ဖေဖေါ်ဝါရီ ၂၆ ရက်ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာတွင် ဖေါ်ပြသည်။

“ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ကို ဆိုင်းငံ့ခြင်းနှင့် စပ်လျဉ်းပြီး အမျိုးသား ညီလာခံ မှတ်တမ်းများတွင် ဆွေးနွေးခြင်း မရှိသကဲ့သို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များတွင် ထည့်သွင်း ပြဋ္ဌာန်းခြင်းလည်း မရှိသဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ်ပါ ပြဋ္ဌာန်းချက် တစ်ရပ်ကို ဆိုင်းငံ့မည် ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေမည်ဖြစ်သည်” ဟု ဆောင်းပါးရှင် မျိုးဇာနည်က ရေးသားသည်။

အလားတူ ဥပဒေတစ်ရပ်ရပ်ကို ဆိုင်းငံ့နိုင်ရန်မှာ မူရင်းဥပဒေတွင် ဆိုင်းငံ့ခြင်း ဆောင်ရွက်ခွင့်ရှိသည့် ပြဋ္ဌာန်းချက် တစ်ရပ်ရပ် ပါရှိရမည်ဟုလည်းဆိုထားပြီး “၅၉(စ) ပါ ပြဋ္ဌာန်းချက်ကို ဆိုင်းငံ့ခွင့်မရှိ” ဟုလည်း ရေးသားထားသည်။

အဆိုပါ ပုဒ်မကို ပြင်ဆင်လိုပါက လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ထံမှ သဘောထားရယူကာ  ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ပြင်ဆင်သင့်သည်ဟု ဆိုထားပြီး ”ဆိုင်းငံ့ခြင်းဆိုသည့် စာသားဖြင့် ဥပဒေတွင် ဖေါ်ပြမထားခြင်း၊ ပြဋ္ဌန်းမထားပါ ဆိုသည့် ဆင်ခြေဖြင့်လည်းကောင်း မိမိဆောင်ရွက်လိုရာ ကိစ္စကို ဆွဲယူသုံး မလုပ်ဆောင်သင့်” ဟုလည်း ရေးသားထားသည်။ ထိုသို့ ပြုလုပ်ပါက ဥပဒေကို ကျော်လွန် လုပ်ဆောင်ရာ  ကျမည်ဟုလည်းဆိုသည်။

တပ်မတော်နှင့် ဆက်ဆံရေးကောင်း တည်ဆောက်ရန်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွက် အဓိက အကျဆုံးဖြစ်မည်ဟုဆိုကာ “မြန်မာ့နိုင်ငံ၏ နိုင်ငံရေး အသွင်ကူးပြောင်းမှု ဖြစ်စဉ်များသည် ဆက်လက်လျှောက်လှမ်းရမည့် ခရီးရှည်တစ်ရပ်ကျန်ရှိနေပြီး တပ်မတော်၏ ထောက်ခံအားပေးမှုမှာ အဓိကအချက်ဖြစ်နေသည်ကို အလေးထားရမည်” ဟုလည်း ရေးသားထားသည်။

ဆောင်းပါး အဆုံးပိုင်းတွင်မူ “အသွင်ကူးပြောင်းရေး ဖြစ်စဉ်များတွင် တပ်မတော်နှင့် လက်တွဲ ဆောင်ရွက်ခြင်းဖြင့် အမျိုးသား နိုင်ငံရေး အခန်းကဏ္ဍရှိ တပ်မတော်၏ ရပ်တည်မှုကို ဖြည်းဖြည်းချင်း ပြောင်းလဲလာအောင် စွမ်းဆောင်သင့်သည်” ဟုလည်း ပြည်ထောင်စုနေ့စဉ် သတင်းစာ ဆောင်းပါးက ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required