စစ်ကောင်စီက မြို့နယ် ၂၀ တွင် စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူ

စစ်ကောင်စီက မြို့နယ် ၂၀ တွင် စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူ
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ (Photo: AFP)

နိုင်ငံအတွင်း မြို့နယ် ၂၀ တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမှုကို စတင်ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်သည်။ စစ်ကောင်စီ၏ ထိုလုပ်ဆောင်ချက်က အတိုက်အခံ ဆန့်ကျင်သူများကို တိုးမြှင့်စောင့်ကြည့်ရာတွင် အသုံးပြုလိမ့်မည်ဟု ဝေဖန်သူများက ပြောသည်။

စစ်တပ်သည် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အပြတ်အသတ် အနိုင်ရသော ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိသည် ဆိုပြီး အထောက်အထား မခိုင်လုံသည့် ပြောဆိုချက်များနှင့်အတူ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သည်။

၂၀၂၅ တွင် ကျင်းပဖြစ်ဖွယ် ရှိသည် ဆိုပြီး အရိပ်အမြွက်ဆိုထားသည့် ရွေးကောက်ပွဲများမတိုင်မီ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပြီးစီးရန် လိုကြောင်း အာဏာသိမ်းစစ်ကောင်စီ တာဝန်ရှိသူများက ပြောထားသည်။

“၂၀၂၃ ၊ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ နေပြည်တော်နဲ့ အခြား ပြည်နယ်နဲ့ တိုင်းတွေမှာ ရွေးချယ်ထားတဲ့ မြို့နယ် ၂၀ မှာ သန်းခေါင်စာရင်း ကောက်ယူမှု စတင်ပါမယ်” ဟု ထုတ်ပြန်ချက်တွင် ပြောသည်။ ထုတ်ပြန်ချက်အရ စစ်တပ် တည်ဆောက်သည့် မြို့တော်ကို ရည်ညွှန်းသော်လည်း မည်သည့် နေရာများ ပါမည် ဆိုသည်ကို အသေးစိတ်ပြောဆိုခြင်း မရှိပေ။

“အဲဒီ မြို့နယ် ၂၀ က နမူနာ ဖြစ်ပါလိမ့်မယ်” ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ဆိုသည်။
စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမှုကို ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် မန္တလေးတိုင်းတို့တွင် စတင်ပြီဖြစ်ကြောင်း စစ်ကောင်စီ ထိန်းချုပ်သည့် နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

စစ်ကောင်စီနှင့် အတိုက်အခံ တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားထားခဲ့သည့် ဧရိယာများတွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမည်လား ဆိုသည်ကို စစ်ကောင်စီဘက်က ပြောဆိုခြင်း မရှိပေ။

၂၀၂၄ တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုမတိုင်မီ ယခု စမ်းသပ်ကောက်ယူမှုကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

ဆန္ဒပြမှုအဖြစ် လုပ်ငန်းခွင်သို့ ပြန်ရောက်မလာသည့် ထောင်ပေါင်းများစွာသော အစိုးရဝန်ထမ်းများ၊ ဆရာဝန်များနှင့် ဆရာ၊ဆရာမများ အပါအဝင် စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သူများကို တိုးမြှင့်စောင့်ကြည့်ရန် စစ်ကောင်စီက သန်းခေါင်စာရင်းကို အသုံးပြုလိမ့်မည်ဟု ဝေဖန်သူများက ပြောသည်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံသည် ပဋိပက္ခတို့ကြောင့် ဆက်လက်၍ နက်ရှိုင်းစွာ ကွဲလွဲလျက် ရှိပြီး အရပ်သားပြည်သူများမှာ နေ့စဉ်နီးပါး ဖြစ်နေသည့် ဗုံးပေါက်ကွဲမှုများနှင့် တိုက်ပွဲများအကြား ရောက်ရှိနေရသည်။ အာဏာသိမ်းစစ်တပ်သည် နိုင်ငံတွင် နယ်မြေအပြည့်အဝ မထိန်းချုပ်နိုင်တော့ဟု ဝန်ခံထားရသည်။

အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတွင် ဖြစ်ပေါ်သည့် အကြမ်းဖက်မှုတို့ကြောင့် လက်ရှိတွင် ပြည်သူ ၁ ဒသမ ၆ သန်းကျော်သည် နေရပ်စွန့်ခွာထွက်ပြေးထားကြရသည်ဟု ကုလသမဂ္ဂက ပြောသည်။
စစ်ကောင်စီလက်အောက် ကျင်းပသည့် ရွေးကောက်ပွဲများက “အတုအယောင်” သာ ဖြစ်လိမ့်မည်ဟု အမေရိကန်က ပြောသလို ထို ရွေးကောက်ပွဲများကို စစ်တပ်၏ အတိုက်အခံများက ပစ်မှတ်ထားလိမ့်မည် ဖြစ်ပြီး သွေးထွက်သံယိုမှုတို့ကို ထပ်မံဖြစ်စေနိုင်ကြောင်း အကဲခတ်လေ့လာသူများက ပြောသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကျင်းပမည့် အစီအစဉ်ကို ထောက်ခံကြောင်း ရုရှားက ပြောပြီး ၎င်းတို့၏ ရွေးကောက်ပွဲကော်မရှင်နှင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်တို့သည် ပြီးခဲ့သည့်လက ရွေးကောက်ပွဲလုပ်ငန်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတရပ် လက်မှတ်ထိုးခဲ့သည်။

ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခြင်း မရှိသော်လည်း အီလက်ထရောနစ် သက်သေခံကတ်ပြားစနစ် ဖြန့်ကျက်ရန် ရည်ရွယ်ထားကြောင်း စစ်ကောင်စီက ပြောသည်။

ထိုအစီအစဉ်က အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသားများ၏ ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူလိမ့်မည်ဟု တာဝန်ရှိသူများက ပြောသည်။

ထိုအစီအစဉ် အကောင်အထည်ဖော်ရာတွင် အကူအညီပေးရန် စစ်ကောင်စီဝန်ကြီးများက တရုတ်ကို တောင်းခံခဲ့သည်။

Myanmar begins pilot census in 20 townships
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required