တန်ဖိုးနည်းပြည်သူ့အငှားအိမ်ရာများကို ၁ လ ကျပ်၂၀၀,၀၀၀ ဖြင့် ငှားရမ်းမှုများရှိ

By မဇ္ဈိမ 
19 September 2023
တန်ဖိုးနည်းပြည်သူ့အငှားအိမ်ရာများကို ၁ လ ကျပ်၂၀၀,၀၀၀ ဖြင့် ငှားရမ်းမှုများရှိ
ပုံစာ - ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာဖွင့်ပွဲအခမ်းအနားတွင် တွေ့ရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

အငြိမ်းစားဝန်ထမ်းများ၊ ဝင်ငွေနည်းပါးသည့် ပြည်သူများအတွက် ရည်ရွယ်ဆောက်လုပ်ထားသည့် တန်ဖိုးနည်းပြည်သူ့အငှားအိမ်ရာများကိုပြင်ပတွင် တလ ကျပ် ၂၀၀,၀၀၀ ဖြင့် ငှားရမ်းမှုများရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်၌ ဝင်ငွေနည်းပါးသည့် ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများ၊ လက်ရှိနေထိုင်ရန်အခက်အခဲရှိသည့် တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများအတွက် ရန်ကုန်၊မန္တလေးနှင့် နေပြည်တော်တို့တွင်အခန်းပေါင်း ၁၀,၀၀၀ ကျော်ပါဝင်သည့်တန်ဖိုးနည်း ပြည်သူ့အငှားအိမ်ရာများကို ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါတန်ဖိုးနည်း ပြည်သူ့အငှားအိမ်ရာများ၏ တလငှားရမ်းခများမှာ ပထမထပ်အတွက် ငွေကျပ် ၅၀,၀၀၀၊ ဒုတိယထပ်အတွက် ကျပ် ၄၅,၀၀၀၊ တတိယထပ်အတွက် ကျပ် ၄၀,၀၀၀ နှင့် စတုတ္ထထပ်အတွက် ကျပ် ၃၃,၀၀၀ နှုန်း သတ်မှတ်ထားကြောင်းလည်းသိရသည်။

‘’ကျွန်မတို့မန္တလေးမှာရှိတဲ့ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာဆိုရင် ဇွန်လ ၃၀ ရက်နေ့က ဖွင့်ခဲ့တယ်။ အိမ်ခန်းပေါင်း ၁,၄၀၀ ကျော်ကို မဲနှိုက်ပြီး နေရာချပေးတယ်ပြောတယ်။ လာလျှောက်ကြတဲ့ လျှောက်လွှာပေါင်းက နှစ်သောင်းကျော်တယ်၊ ဘာလို့လဲဆိုရင် အပြင်မှာအိမ်ငှားနေမယ်ဆိုရင် တလကို ၂၀၀,၀၀၀ ဝန်းကျင်ပဲလေ၊ ဒီမှာက တလကို ၃၀,၀၀၀ လောက်နဲ့ငှားလို့ရတယ်၊ ပြီးတော့ ဝင်ငွေနည်းပြည်သူတွေဆိုတော့ ကျွန်မတို့လည်းလျှောက်ကြတာပေါ့။ အခုတော့ အဲဒီကျွန်မတို့ လျှောက်တာ မရတဲ့အခန်းတွေကို တလကို ၂၀၀,၀၀၀ ဝန်းကျင်နဲ့ ပြန်ပြီးတော့ ငှားစားနေကြတယ်ဆိုတော့ တကယ်ဒုက္ခရောက်တဲ့သူတွေနစ်နာတာပေါ့။ ဒါဝန်ထမ်းတွေနဲ့ ပေါင်းပြီးလုပ်စားနေကြတာပေါ့’’ ဟု မန္တလေးနေ ပြည်သူတဦးကဆိုသည်။

အဆိုပါ မန္တလေးတိုင်းအတွင်းရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာမဲနှိုက်ပေးသည့်အခါက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်လူကြီးတဦးမှ စလစ်စာရွက်ကိုင်ပြီး ပြည်သူ့အငှားအိမ်ရာမဲနှိုက်ဖို့သွားဦးမယ်ဆိုပြီး ပုံတင်ထားရာမှ ပြည်သူ့များမှ ဝိုင်းပြီးပြောဆိုဝေဖန်ခဲ့ကြဖူးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ယူခဲ့သည့်ကာလ ၂၀၁၇ ခုနှစ်မှစတင်ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တိုင်း/ပြည်နယ်များတွင် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိခဲ့ပြီး နေပြည်တော်တွင် အိမ်ခန်း ၅၂၀ ၊ ရန်ကုန်မြို့တွင် အိမ်ခန်း ၄၇၆၊ မန္တလေးမြို့တွင် အိမ်ခန်း ၅၀၀ တည်ဆောက်နိုင်ခဲ့ပြီးဖြစ်သည်ဟုလည်း သိရသည်။

 စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required