ရပ်ကွက်ဘုရင်မ ၂ ရုပ်ရှင်ကားကြီးထပ်မံရိုက်ကူးမည်

ရပ်ကွက်ဘုရင်မ ၂ ရုပ်ရှင်ကားကြီးထပ်မံရိုက်ကူးမည်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၅ ။              ။ ရပ်ကွက်ဘုရင်မ အမည်ရှိ ရုပ်ရှင် ဇာတ်ကားကြီးကို ဖေဖော်ဝါရီ ၂၆ ရက်မှ စတင်ပြီး ရုံတင် ပြသနေချိန်မှာဘဲ ဒါရိုက်တာ ခင်စောမျိုးက ရပ်ကွက်ဘုရင်မ ၂ ရုပ်ရှင် ဇာတ်ကားကြီးကို မတ် ထဲတွင်ထပ်မံ ရိုက်ကူး သွားမည် ဖြစ်သည်။

ရပ်ကွက်ဘုရင်မ ၂ ဇာတ်ကားတွင် ပါဝင်ကြမည့် သရုပ်ဆောင်များအပြင် လက်ရှိ ရုံတင် ပြသနေသည့် ဇာတ်ကားနှင့် မတူ ကွဲပြား ခြားနားမည် ဖြစ်ပြီး သရုပ်ဆောင်တွေ၏ ကာရိုက်တာကအစ ပြောင်းလဲ သွားမည် ဖြစ်သည်။

ရုပ်ရှင် ဇာတ်ကားကြီး ကို မတ် ၅ရက်တွင် စတင် ရိုက်ကူး သွားမည် ဖြစ်ပြီး ရန်ကုန်မြို့ အပြင် ချောင်းသာ (သို့) ငွေဆောင် တွင်လည်း သွားရောက် ရိုက်ကူး သွားမည် ဖြစ်သည်။
 
ရပ်ကွက်ဘုရင်မ ၂ ရုပ်ရှင် ဇာတ်ကားကြီး ကန်တော့ပွဲပေး အခမ်း အနားကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ရန်ကုန်မြို့ ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တွင် ကျင်းပ ပြုလုပ် ခဲ့သည်။
 
ရပ်ကွက်ဘုရင်မ ၂ ရုပ်ရှင် ဇာတ်ကားကို လပ်ကီးဆဲဗင်း ဗီဒီယို ထုတ်လုပ်ရေးမှ စီစဉ် ရိုက်ကူးခြင်း ဖြစ်ပြီး လက်ရှိ ရုံတင် ပြသနေသည့် ရပ်ကွက်ဘုရင်မ ရုပ်ရှင် ဇာတ်ကားကိုလည်း လပ်ကီးဆဲဗင်းမှ စီစဉ်ပြီး ဒါရိုက်တာ ခင်စောမျိုးမှ ရိုက်ကူး ပုံဖော် ထားခြင်း ဖြစ်သည်။
 
ရပ်ကွက်ဘုရင်မ ဇာတ်ကားတွင် သရုပ်ဆောင်များ အဖြစ် မို့မို့မြင့်အောင် ၊ မေသန်းနု ၊ စိုးမြတ်သူဇာ ၊ မေခလာ ၊ ခိုင်သင်းကြည် ၊ ဘေဘီမောင် တို့မှ အဓိက ပါဝင် သရုပ်ဆောင် ထားကြသလို အထူး သရုပ်ဆောင်များ အဖြစ် ရဲအောင် ၊ ကျော်ရဲအောင် ၊ မင်းဦး ၊ ဖြိုးငွေစိုး ၊ မိုးအောင်ရင် ၊ ခင်လှိုင် ၊ ဗေလု၀ နှင့် အခြား သရုပ်ဆောင် များစွာ တို့မှ ပါဝင် သရုပ်ဆောင် ထားကြသည်။

ယခု ထပ်မံ ရိုက်ကူးမည့် ရပ်ကွက်ဘုရင်မ ၂ ရုပ်ရှင် ဇာတ်ကားတွင် သရုပ်ဆောင် မေသန်းနု နှင့် မေခလာ တို့ မပါဝင်ပဲ သရုပ်ဆောင် ထွန်းအိန္ဒြာဗို နှင့် သရုပ်ဆောင် အေးမြတ်သူ တို့မှ ပါဝင် သရုပ်ဆောင်ကြမည် ဖြစ်သည်။
 
လက်ရှိတွင် ရပ်ကွက်ဘုရင်မ ရုပ်ရှင် ဇာတ်ကားကြီးကို ဖေဖော်ဝါရီ ၂၆ ရက်မှ စတင်ပြီး ရှေ့ဆောင် ၊ သွင် ၊ စံပြ ၊  Junction Maw Tin ၊ Junction Square ၊ နဝဒေး ၊ ရွှေဗဟို ၊ မြရတနာ ၊ ဝဇီရာ ( ၂ ) လှိုင်သာယာ တို့အပြင် မန္တလေးတွင်လည်း မြို့မ ၊ မြို့ဂုဏ်ရောင် ၊ JCGV Mdy တို့တွင် သာမက အခြား မြို့ကြီးများ ဖြစ်သည့် ဘားအံ ၊ ပြင်ဦးလွင် ၊ လားရှိုး ၊ တောင်ကြီး ၊ ပြည် ၊ ပုသိမ် ၊ ထားဝယ် တို့တွင်ပါ တစ်ပြိုင်တည်း ပြသလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required