ရှင်ကျန်းဆိုင်ရာ အစီရင်ခံစာအတွက် ကုလလူ့အခွင့်အရေးအကြီးအကဲ ပြင်းထန်သည့် ဖိအားများ ကြုံတွေ့နေရ

ရှင်ကျန်းဆိုင်ရာ အစီရင်ခံစာအတွက် ကုလလူ့အခွင့်အရေးအကြီးအကဲ ပြင်းထန်သည့် ဖိအားများ ကြုံတွေ့နေရ

တရုတ်အစိုးရက အရေအတွက် ၁ သန်းကျော်ရှိသော ဝီဂါနှင့် အခြား မွတ်စလင် လူနည်းစုများကို ဖမ်းဆီးထားသည်ဆိုသော ရှင်ကျန်းဒေသခရီးစဉ်အပေါ် အစီရင်ခံစာထုတ်ပြန်ရန် ကြန့်ကြာနေ ခြင်းကြောင့် ကြီးမားသည့် ဖိအားနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ မီရှဲ ဘာချက်လက်က ဝန်ခံပြောကြားခဲ့သည်။

ရှင်ကျန်းဒေသမှ လူ့အခွင့်အရေး အခြေအနေကို သူမရာထူး သက်တမ်းကုန်ဆုံးမည့် ဩဂုတ် ၃၁ ရက်မတိုင်မီ ထုတ်ပြန်ပေးမည်ဟု အကြိမ်ကြိမ် ပြောကြားခဲ့သည်။ 

“ကျွန်မပေးခဲ့တဲ့ ကတိကို အကောင်အထည်ဖော်ဖို့ ခက်ခဲနေပါတယ်” ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင် မဟာမင်းကြီးအဖြစ် နောက်ဆုံးပြုလုပ်သည့် ဩဂုတ် ၂၅ ရက် သတင်းစာရှင်းလင်းပွဲတွင် သူမက ပြောကြားခဲ့သည်။ 

အဆိုပါ အစီရင်ခံစာအား ထုတ်ပြန်မည်၊ မထုတ်ပြန်မည်ကို သူမ၏ ရုံးအနေဖြင့် ကြီးမားသည့် ဖိအားများကြုံတွေ့နေရသောကြောင့်  ယင်းအစီအစဉ်အတွက် မသေချာကြောင်းလည်း ၎င်းက ပြောကြားသည်။ 

“တရုတ်အစိုးရရဲ့ ကြီးကြီးမားမား ဖိအားတွေရှိနေလို့ ကျွန်မတို့ သတိကြီးစွာ သုံးသပ်ဖို့ လိုနေပါတယ်” ဟု သူမက ပြောကြားသည်။ 

“ဒီအစီရင်ခံစာကို မထုတ်ဖို့ မြောက်ကိုရီးယား၊ ဗင်နီဇွဲလား၊ ကျူးဘားအပါအဝင် နိုင်ငံအချို့က လက်မှတ်ထိုးပြီး ပေးပို့ထားတဲ့ စာတစ်စောင် ရရှိထားတာကြောင့် အစီရင်ခံစာထုတ်ပြန်ဖို့ ကြန့်ကြာနေရခြင်း ဖြစ်ပါတယ်”ဟုလည်း ထည့်သွင်းပြောကြားသည်။

အစီရင်ခံစာနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းမှုများလည်း အဆက်မပြတ်ရရှိနေကြောင်း ဘာချက်လက်က ပြောကြားသည်။ သူမ၏ နေရာအား ဆက်ခံမည့်သူကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

တရုတ်အစိုးရသည် ရှင်ကျန်းဒေသတွင် လူအမြောက်အများကို ဖမ်းဆီးခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ မဖြစ်မနေ သားကြောဖြတ်စေခြင်း၊ မိသားစုများကို ခွဲထားခြင်း၊ ဝီဂါတို့၏ ယဉ်ကျေးမှုနှင့် ဘာသာရေးနေရာများကို ဖျက်ဆီးခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို လုပ်ဆောင်နေကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက စွပ်စွဲထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required