အိန္ဒိယနှင့် မလေးရှားတို့က ပို့ကုန် တားမြစ်လာပြီးနောက် ‘စားနပ်ရိက္ခာ အမျိုးသားရေးဝါဒ’ အရေး စိုးရိမ်ပူပန်မှုများ မြင့်တက်လာ 

အိန္ဒိယနှင့် မလေးရှားတို့က ပို့ကုန် တားမြစ်လာပြီးနောက် ‘စားနပ်ရိက္ခာ အမျိုးသားရေးဝါဒ’ အရေး စိုးရိမ်ပူပန်မှုများ မြင့်တက်လာ 

ဇွန် ၆

အချို့သော အာရှနိုင်ငံများတွင် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းကြောင့် ပြည်တွင်း စားသုံးသူများကို ကာကွယ်ရန် ထုတ်ကုန်အချို့အား တင်ပို့မှုများ ပိတ်ပင်လာခဲ့သည်။ ထိုအတွက် ၎င်းတို့နှင့် ကုန်သွယ်ဖက်နိုင်ငံများကြား မြင့်မားဆဲ ကုန်ဈေးနှုန်း ကြီးမြင့်မှုအရေး စိုးရိမ်ပူပန်မှုများ မြင့်တက်လာတော့သည်။ 

ပို၍ ကျယ်ကျယ်ပြန့်ပြန့်ဆိုရလျှင် နိုင်ငံများနှင့် ထုတ်ကုန်များအရေးတွင် “စားနပ်ရိက္ခာ အမျိုးသားရေးဝါဒ” (food nationalism) ဖြစ်ထွန်းပျံ့နှံ့လာမည့် ဖြစ်အံ့ဆဲဆဲ ဘေးအန္တရာယ်ကို ပညာရှင်များက ရှုမြင်လာသည်။ ဂလိုဘယ်လိုက်ဇေးရှင်းအတွက် နောက်ထပ် ဆုတ်ဆိုင်းမှုအဖြစ် ယင်း ဖြစ်စဉ်က ဘောင်ခတ်လာခဲ့ခြင်းပဲ ဖြစ်သည်။ 

အိန္ဒိယနိုင်ငံသည် ဗုဒ္ဓဟူးနေ့မှစတင် အကျိုးသက်ရောက်‌သည့် အစိုးရထံမှ အထူးခွင့်ပြုချက်ဖြင့်သာ ပြည်တွင်းလုပ်ငန်းရှင်များအား သကြားတင်ပို့မှုကို ခွင့်ပြုခဲ့သည်။ ယင်း လုပ်ငန်းစဉ်သည် ‘ပြည်တွင်း ဖူလုံမှုနှင့် သကြားဈေး တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရန်’ ချမှတ်ခြင်းပဲဖြစ်ပြီး နောက်ထပ် အကြောင်းကြားစာ မထုတ်ပြန်မချင်း အောက်တိုဘာ ၃၁ ရက်အထိ ကျင့်သုံးသွားမည်ဖြစ်ကြောင်း အစိုးရက မေ ၂၄ ရက်တွင် ပြောသည်။ 

၂၀၂၀ ၌ ဘရာဇီးနိုင်ငံပြီးလျှင် အိန္ဒိယသည် ကမ္ဘာ့ ဒုတိယအကြီးဆုံး ကြံထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး ယင်းနှစ်တွင် သန့်စင် သကြား တင်ပို့သည့် အကြီးဆုံးနိုင်ငံပဲဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့အစည်း FAO ၏ အချက်အလက်များအရ သိရသည်။ 

သကြားတင်ပို့မှု ပိတ်ပင်ခြင်း မတိုင်ခင်ကလည်း အိန္ဒိယသည် ဂျုံတင်ပို့မှုကို မေလလယ်၌ ပိတ်ပင်ခဲ့သည်။ အိန္ဒိယသည် ဂျုံတင်ပို့မှု၌ ကမ္ဘာ့ဒုတိယ အများဆုံး တင်ပို့သည့် နိုင်ငံ ဖြစ်သည်။ မကြာသေးခင်က ပူပြင်းသည့် ရာသီဥတုကြောင့် ကောက်ပဲသီးနှံများ ဖြစ်ထွန်းမှုအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်ခဲ့ပြီးနောက် ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံမှု ရှိစေရေးအတွက် အာဏာပိုင်များက ကြိုးပမ်းနေခြင်းပဲ ဖြစ်သည်။ 

အလားတူ မလေးရှားနိုင်ငံသည်လည်း ပြည်တွင်း ဈေးကွက်ပြတ်လပ်မှုနှင့် ဈေးနှုန်း တည်ငြိမ်မှုရှိရေးတို့ကို ဖြေရှင်းရန် ကြက်သားတင်ပို့မှုကို ဗုဒ္ဓဟူးနေ့မှ စတင်ပြီး ထိန်းချုပ်ဟန့်တားလာသည်။ ထိုသို့ တင်ပို့မှု ဟန့်တားရာ၌ ကြက်အရှင်နှင့် အသေများ၊ အအေးခံ အသားများ၊ ကြက်သားအစိတ်အပိုင်းများနှင့် ကြက်သားအခြေခံ ထုတ်ကုန်များ ပါဝင်ကြောင်း စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဆိုင်ရာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။ ပြန်လည်၍ ကြက်သားများ တင်ပို့နိုင်မည့် ရက်ကိုမူ ဖော်ပြထားခြင်း မရှိပေ။ 

ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်နေချိန်၌ အိန္ဒိယနှင့် မလေးရှားတို့က ယခုကဲ့သို့ လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။ အသား၊ နို့ထွက်ပစ္စည်း၊ ကောက်နှံပင်၊ ဟင်းသီးဟင်းရွက်ဆီနှင့် သကြားဈေးနှုန်းများကို စာရင်းပြုစုသည့် FAO ၏ စံအမှတ် စားနပ်ရိက္ခာဈေးနှုန်းတွင် ဧပြီလအတွင်း၌ အစောပိုင်းနှစ်ကထက် ၃၀ ရာခိုင်နှုန်းတက်ပြီး ၁၅၈ ဒသမ ၅ မှတ်ရှိကြောင်း ဖော်ပြထားသည်။ ယူကရိန်းစစ်ပွဲနှင့် COVID-19 ကပ်ဘေးတို့ကြောင့် ထောက်ပံ့ဖြည့်တင်းမှုနှင့် သယ်ယူထောက်ပို့မှုများ အမျှင်ပြတ်ရာမှ ယခုကဲ့သို့ အများစုအားဖြင့် စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်ခြင်းပဲ ဖြစ်သည်။ 

အင်ဒိုနီးရှားနိုင်ငံသည်လည်း ဧပြီလအတွင်းက စားအုန်းဆီ တင်ပို့မှုကို ဆိုင်းငံ့ခဲ့သော်လည်း မေလတွင် ပိတ်ပင်ခြင်းအား ပြန်လည်ရုပ်သိမ်းခဲ့သည်။ 

“ခြုံကြည့်မယ်ဆို တင်ပို့မှု ပိတ်ပင်တာတွေက စားနပ်ရိက္ခာဈေးနှုန်းကို တိုးပြီး ဖိစီးစေတယ်လို့ ကျွန်တော် ပြောလိုပါတယ်”ဟု Oxford Economics မှ စီးပွားရေးပညာရှင် ပရီယန်ကာ ကစ်ရှိုးက Nikkei Asia သို့ ပြောပြီး “ဒါဟာ တိုက်ရိုက်ကုန်သွယ်ဖက်တွေဆီ ပိုပြီး သက်ရောက်တာပဲ ဖြစ်တယ်”ဟု ၎င်းက ဖြည့်စွက်ဆိုသည်။ 

မလေးရှားနှင့် စင်ကာပူကြားက ဆက်ဆံရေးကို စဉ်းစားသုံးသပ်ကြည့်ရန် လိုသည်။ 

မြို့ပြနိုင်ငံ စင်ကာပူသည် ကြက်သားတင်သွင်းမှု၏ သုံးပုံတစ်ပုံကို အိမ်နီးချင်း မလေးရှားနိုင်ငံမှ တင်သွင်းနေရခြင်း ဖြစ်သည်။ မလေးရှားက ကြက်သား တင်ပို့မှု ပိတ်ပင်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် ကြေညာလိုက်ပြီးနောက်တွင် စင်ကာပူက စားသုံးသူများသည် ဈေးများသို့ အလုအယက် ကြက်သား သွားဝယ်ကြသည်။ 

စားနပ်ရိက္ခာဈေးနှုန်း မြင့်တက်ခြင်းသည် ဖွံ့ဖြိုးစနိုင်ငံများနှင့် ဝင်ငွေနည်း အိမ်ထောင်စုများအတွက် အဓိက စိုးရိမ်ပူပန်စရာပဲ ဖြစ်သည်။ 

“ဆင်းရဲတဲ့ နိုင်ငံတွေအတွက် အစားအစာ ရှားပါးမှု ဒါမှမဟုတ်ရင် ဈေးနှုန်း မထိန်းနိုင်မှုဟာ ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ဖြစ်စေမှာ ဖြစ်တယ်၊ ရေနံဈေး မြင့်တက်တာထက် ပိုပြီး လူမှုရေးမတည်ငြိမ်မှုတွေ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်စေလိမ့်မယ်”ဟု အကျိုးဆောင်ကုမ္ပဏီ Oanda မှ အကြီးတန်းဈေးကွက် သုတေသီ ဂျက်ဖရေး ဟယ်လီက သတိပေးသည်။ “အခုနှစ်မှာ စားနပ်ရိက္ခာ အမျိုးသားရေးဝါဒတွေ ဖြစ်ထွန်းလာတော့မှာကို ကျွန်တော်တို့ မြင်တွေ့ရဖို့ ရှိတယ်”ဟု ၎င်းက ဆိုသည်။  

ဂျုံတင်ပို့သည့် အဓိကနှစ်နိုင်ငံဖြစ်သော ရုရှက ယူကရိန်းအား မကျူးကျော်ခင် အချိန်ကပင် COVID-19 အကျပ်အတည်းကြား စားနပ်ရိက္ခာ အမျိုးသားရေးဝါဒက တာစူလာခဲ့ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ဗီယက်နမ်နိုင်ငံသည် ကပ်ဘေးအစပိုင်းမှာပင် ဈေးကွက်ဖူလုံမှုရှိစေရန်အတွက် ဆန်တင်ပို့မှုကို ရပ်နားခဲ့သည်။ 

COVID-19 ကပ်ဘေးသည် စားနပ်ရိက္ခာတွင်သာ မက အခြား အခြေခံလိုအပ်ချက်များအတွက်လည်း အကာအကွယ်ပြုမှုဝါဒကို ဖြစ်ထွန်းစေသည်။ အချို့သော နိုင်ငံများသည် ၎င်းတို့၏ ပြည်သူများအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပြည့်မီစွာ ရရှိရေးကို ဦးစားပေးကြသဖြင့် ဆေးထိုးနှံမှု ကွာဟချက် ကြီးမားရပြီး ဆင်းရဲသော နိုင်ငံများတွင် ကာကွယ်ဆေး မထိုးနှံရမှုများ ရှိသည်။ 

၁၉၉၀ ခုနှစ်များတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO တည်ထောင်ပြီးနောက် စားနပ်ရိက္ခာဈေးကွက် ကွင်းဆက်သည် ယခင်က ဂလိုဘယ်လိုက်ဇေးရှင်း ပိုဆန်လာခဲ့သည်ဟု ဂျပန်နိုင်ငံက Natural Resource Research Institute ၏ ဥက္ကဋ္ဌဖြစ်သူ အက်ကီယို ရှီဘာတာက Nikkei သို့ ပြောသည်။ ယင်း ပုံစံသည် ကုန်ကျစရိတ် နည်းပါးသော နိုင်ငံများ၌ စားနပ်ရိက္ခာ ထုတ်လုပ်ကာ စားသုံးသော နိုင်ငံများသို့ ဈေးချိုစွာဖြင့် တင်ပို့နိုင်ခြင်း ဖြစ်စေသည်။ 

သို့ရာတွင် ယင်း ဦးတည်ရာသည် တရုတ်ကဲ့သို့သော ထွန်းသစ်စ စီးပွားရေးနိုင်ငံများတွင် စားသုံးမှု မြင့်မားလာခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် မကြာသေးသော ဈေးကွက်အမျှင်ပြတ်မှုများ အပါအဝင် အကြောင်းအချက်ပေါင်းစုံကြောင့် မကြာသေးသောနှစ်များအတွင်း ပြောင်းလဲလာခဲ့ပြီး ဈေးနှုန်းများ မြင့်တက်မှု ဖြစ်လာတော့သည်။ 

“ဈေးနှုန်းမြင့်တက်မှုကြောင့် သဘောသဘာဝအတိုင်း နိုင်ငံတွေဟာ ရပ်တည်ချက် ပြောင်းလာကြတယ်၊ ပြည်တွင်းဖူလုံရေးကို ဦးစားပေးပြီး ပိုလျှံမှ တင်ပို့လာကြတယ်”ဟု ရှီဘာတာက ပြောသည်။ “အတိတ်တုန်းကတော့ ဂလိုဘယ်လိုက်ဇေးရှင်း အယူအဆကလည်း ရှိနေပြီး နိုင်ငံတကာဈေးကွက်တွေကို ဖြည့်တင်းလာတာ ဖြစ်တယ်၊ ဒါပေမဲ့ ဒါဟာ ပြောင်းလဲနေပါပြီ”ဟု ၎င်းက ပြောသည်။ 

ရှေ့မျှော်ကြည့်လျှင် ဈေးနှုန်း မြင့်တက်နေသရွေ့ အကာအကွယ်ပြုသည့် လုပ်ငန်းစဉ်များကို နိုင်ငံများက ပိုချမှတ်ကျင့်သုံးလာပြီး စားနပ်ရိက္ခာ အမျိုးအစားများကို ပိတ်ပင်ခြင်းများ လုပ်ဆောင်လာကြရန် ရှိနေကြောင်း ရှီဘာတာက သတိပေးသည်။ 

တစ်ဖက်စောင်းနင်း သက်ရောက်မှုများလည်း ရှိနေကြောင်း ရှီဘာတာက ပြောရင်း “ဈေးနှုန်း ထိုးတက်တယ်ဆိုရင် အချို့နိုင်ငံတွေက ထုတ်လုပ်မှု တိုးမြှင့်နိုင်ပြီး ဈေးကွက်ကို ထိန်းနိုင်ပါတယ်”ဟု မှတ်ချက်ပြုသည်။ သို့ရာတွင် ကမ္ဘာတစ်လွှား ပုံမှန်မဟုတ်သည့် ရာသီဥတုအခြေအနေ ဖြစ်ပေါ်နေခြင်းနှင့် ဆန်၊ ဂျုံ၊ ပြောင်းနှင့် ပဲပုပ်ကဲ့သို့သော အဓိက ကောက်ပဲသီးနှံများတွင် သက်ရောက်မှု ရှိနေသည်။ “အခြေအနေက မကြာခင်မှာ ပြေလည်သွားမယ်ဆိုပြီး ယူဆလို့ မရနိုင်အောင် ရှိပါတယ်”ဟု ရှီဘာတာက ပြောသည်။ 

ရုရှနှင့် တရုတ်ကဲ့သို့သော သိုလှောင်မှု များပြီး ထုတ်လုပ်မှုအားကောင်းသည့် နိုင်ငံများတွင် စားနပ်ရိက္ခာ တင်ပို့မှု ပိတ်ပင်ခြင်းများသည် ကျယ်ပြန့်သော ပထဝီနိုင်ငံရေး တိုက်ပွဲ၌ လက်နက်များ ဖြစ်လာနိုင်သည်ဟုလည်း ၎င်းက သတိပေးသည်။ 

“အဓိက စားနပ်ရိက္ခာ ထုတ်လုပ်တဲ့ နိုင်ငံတွေဟာ တင်ပို့ရာကနေ တစ်ပြည်သုံးစားသုံးမှုကို အဓိက ထားလာရင် အချို့သောနိုင်ငံတွေအတွက် စားနပ်ရိက္ခာအကျပ်အတည်း ဆိုက်ရောက်လာဖို့ပဲ ရှိတယ်”ဟု ၎င်းက ပြောသည်။ “ရုရှ လုပ်သလိုမျိုး နိုင်ငံတွေကို မိတ်ဖက်နဲ့ ရန်ဖက်ခွဲပြီး မိတ်ဖက်နိုင်ငံတွေကိုပဲ အကူအညီ ထောက်ပံ့မယ်ဆို ဒါဟာ စားနပ်ရိက္ခာကို လက်နက်အဖြစ် အသုံးချတာပဲ ဖြစ်လာလိမ့်မယ်”ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly