တရုတ်-အီးယူတို့အကြား ၂၃ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် သဘောထားကွဲမှုများ ပေါ်ထွက်လာ

တရုတ်-အီးယူတို့အကြား ၂၃ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် သဘောထားကွဲမှုများ ပေါ်ထွက်လာ

ဥရောပသမဂ္ဂ-တရုတ် ၂၃ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို မတ် ၃၁ ရက်မှ ဧပြီလ ၁ ရက်အထိ ကျင်းပခဲ့ရာ နှစ်ဖက်အကြား ရှိပြီးသား စိတ်ဝမ်းကွဲမှုများ ‌ဖြစ်ပေါ်လာခဲ့သည်။

ဥရောပသမဂ္ဂ ကိုယ်စားပြုအဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဆက်ဘော်ရယ်နှင့်အတူ ဥရောပကောင်စီဥက္ကဌ ချားလ်စ်မိုက်ကယ်၊ ဥရောပကော်မရှင်ဥက္ကဌ အာဆူလာဗွန်ဒါလီယန်တို့သည် ဧပြီ ၂၀ ရက် မနက်ပိုင်းက တရုတ်ဝန်ကြီးချုပ် လီကေ့ချန်နှင့်လည်းကောင်း မွန်းလွဲပိုင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။

အီးယူက အဓိက ဦးစားပေးအနေဖြင့် ရုရှား၏ တရားမျှတမှုမရှိသော လှုံ့ဆော်မှုမပါသော ယူကရိန်းအပေါ်ကျူးကျော်မှုကို ရပ်တန့်ရန် ထောက်ပြသတိပေးခဲ့သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့်နှင့် လူသားချင်းစာနာထောက်ထားမှုစင်္ကြံများကို အကာအကွယ်ပေးရန်နှင့် အရပ်သားများနှင့်နှင့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားခြင်းမှ ရှောင်ကြဉ်ရန် ရုရှားအတွက် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နှင့် ရုရှားနှင့် ထူးထူးခြားခြား နီးကပ်သောဆက်ဆံရေးသူအနေဖြင့် ယူကရိန်း၌ သွေးထွက်သံယိုမှုများ ချက်ချင်းရပ်တန့်သွားအောင် ပံ့ပိုးပေးရန် အီးယူက တရုတ်နိုင်ငံကို တောင်းဆိုခဲ့သည်။

အီးယူခေါင်းဆောင်များ၏ ပြောကြားချက်များနှင့်မတူစွာ တရုတ်သမ္မတ ရှီကျင့်ဖျင်က အီးယူအား တရုတ်နိုင်ငံအပေါ် ကိုယ်ပိုင်ခံယူချက်ထားရန်၊ လွတ်လပ်သော တရုတ်မူဝါဒကို လက်ခံရန်၊ တရုတ်-အီးယူ ဆက်ဆံရေး တည်ငြိမ်ပြီး စဉ်ဆက်မပြတ် တိုးတက်မှုကို မြှင့်တင်ရေးနှင့် မတည်ငြိမ်သော ကမ္ဘာကို တည်ငြိမ်စေမည့် အကြောင်းရင်းများကို ထည့်သွင်းရေး တရုတ်နှင့် လက်တွဲဆောင်ရွက်ရန်  တိုက်တွန်းခဲ့သည်။

ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်ချိန်ကတည်းက ဥရောပနိုင်ငံအများအပြားက ရုရှား၏လုပ်ရပ်များကို ရှုတ်ချရာတွင် အမေရိကန်နှင့်မဟာမိတ်များနှင့်အတူ ရပ်တည်ရန် တရုတ်ကို တောင်းဆိုခဲ့သည်။ 

တရုတ်က ရုရှားကို ပိတ်ဆို့အရေးယူရန် ငြင်းဆိုရင်း ယူကရိန်းအကျပ်အတည်းကို အမေရိကန်က မီးလောင်ရာလေပင့်လုပ်နေသည်ဟု စွပ်စွဲခဲ့သည်။

ကုန်သွယ်မှု အားကောင်းနေသော်လည်း အီးယူ-တရုတ် ဆက်ဆံရေးသည် လွန်ခဲ့သည့် ၂ နှစ်အတွင်း တင်းမာလာခဲ့ပြီး နှစ်ဘက်အကြား ကာလရှည်ကြာ ဆွေးနွေးနေသော ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်ကို ဆိုင်းငံ့ထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly