ယူကရိန်းအတွက် စစ်ရေးအကူအညီ နောက်ထပ် ဒေါ်လာ သန်း ၈၀၀ ပေးအပ်မည်ဟု ဘိုင်ဒင် ကြေညာ

ယူကရိန်းအတွက် စစ်ရေးအကူအညီ နောက်ထပ် ဒေါ်လာ သန်း ၈၀၀ ပေးအပ်မည်ဟု ဘိုင်ဒင် ကြေညာ
Photo - AFP

ဧပြီ ၂၂

ယူကရိန်းအတွက် စစ်ရေးအကူအညီအဖြစ် နောက်ထပ် ဒေါ်လာ သန်း ၈၀၀ ပေးအပ်မည့်အကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဧပြီ ၂၁ ရက်တွင် ကြေညာသည်။ ယင်းက ဒွန်ဘတ်စ်ဒေသ၌ ရုရှတပ်များနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် ယူကရိန်းအတွက် အကူအညီဖြစ်စေလိမ့်မည်ဟု ၎င်းက ပြောသည်။

ယခု အမေရိကန်က ထပ်မံ ပေးအပ်သည့် အကူအညီသစ်များထဲတွင် ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာ အမြောက် ၇၂ လက်၊ ယင်းတို့ကို ဆွဲမည့် သံချပ်ကာယာဉ် ၇၂ စီး ၊ ခဲယမ်းကျည် ၁၄၄,၀၀၀ အပြင် ယူကရိန်း လိုအပ်ချက်ကို ကိုင်တွယ်ဖြေရှင်းရန် အမေရိကန် လေတပ်က မကြာသေးခင်က အထူး ထုတ်လုပ်ထားသည့် “Phoenix Ghost” နည်းဗျူဟာမြောက် ဒရုန်း ၁၂၀ စင်းကျော် တို့ ပါဝင်မည် ဖြစ်ကြောင်း ပင်တဂွန်က ပြောသည်။

ယူကရိန်း အရှေ့ပိုင်းတွင် ရုရှ ထိုးစစ်ကို ရင်ဆိုင်ရာတွင် ယူကရိန်းတပ်ဖွဲ့များကို ထောက်ကူနိုင်ရေးအတွက် ယခု အကူအညီသစ်ကို အံဝင်ခွင်ကျဖြစ်အောင် စီမံထားသည်ဟု ဘိုင်ဒင်က ပြောသည်။

ရုရှ ကျူးကျော်စစ် ပထမဆုံး သီတင်းပတ်ခြောက်ပတ်အတွင်း ယူကရိန်းတပ်များက ရုရှတပ်များကို အောင်မြင်စွာ ခုခံတိုက်ထုတ်နိုင်ခဲ့သည့် ကိယက်ဗ် ဝန်းကျင် မြောက်ပိုင်း တိုက်ပွဲများနှင့် ယှဉ်လျင် ယခု ယူကရိန်းအရှေ့ပိုင်း ရုရှထိုးစစ်က မတူခြားနားသည့် တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မည်ဟု ဘိုင်ဒင်က ပြောသည်။

“ကျွန်တော်တို့ဟာ ခုချိန်မှာ အတိမ်းအစောင်းမခံတဲ့ အဆင့်မှာ ရောက်နေပါတယ်။ အဲဒီမှာ သူတို့ဟာ ဒီ စစ်ပွဲရဲ့ အဆင့်သစ်တစ်ခုအတွက် အခြေအနေတစ်ရပ်ကို ဖြစ်ပေါ်စေပါလိမ့်မယ်။ အမေရိကန်နဲ့ မိမိတို့ရဲ့ မဟာမိတ်တွေဟာ ယူကရိန်းအတွက် သူတို့ရဲ့ နိုင်ငံကို ခုခံကာကွယ်ဖို့ လိုအပ်တဲ့ လက်နက်တွေ ထောက်ပံ့ရင်း သူတို့ကို မြန်နိုင်သမျှ မြန်မြန် ဆက်လက် ထောက်ကူဖို့ လုပ်ဆောင်နေပါတယ်” ဟု ဘိုင်ဒင်က ပြောသည်။

ထို့ပြင် ရုရှနှင့် ဆက်နွယ်သည့် သင်္ဘောများကို အမေရိကန် ဆိပ်ကမ်းများ၌ ပိတ်ပင်သွားမည် ဖြစ်ကြောင်း ဘိုင်ဒင်က ကြေညာသည်။ ထို့ပြင် ယူကရိန်း အစိုးရအနေနဲ့ လစာငွေများ၊ ပင်စင်ငွေများနှင့် ဝန်ဆောင်မှုများကို ထောက်ပံ့နိုင်စေရန်အတွက် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ယူကရိန်းအတွက် ဘဏ္ဍာရေးအကူအညီသစ် ဒေါ်လာ သန်း ၅၀၀ ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly