‌မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ထောင် ၁၀ နှစ်ချမှတ်ခံရ

By မဇ္ဈိမ 
25 October 2023
‌မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ထောင် ၁၀ နှစ်ချမှတ်ခံရ

‌မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ထောင် ၁၀ နှစ်ချမှတ်ခံရ သည်ဟု တပ်တွင်သတင်းရင်းမြစ်များကို ကိုးကားပြီး ပြည်သူ့ပန်းတိုင်အဖွဲ့က သတင်းထုတ်ပြန်သည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်ကို ယခုရက်ပိုင်းအတွင်း စစ်ခုံရုံးက ထောင်ဒဏ် ၁၀-နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။

ဇူလိုင်လအတွင်းက ကချင်ပြည်နယ် ဖားကန့်ဘက်သို့ ဖောက်ခွဲရေးယမ်းများတင်ပို့ခြင်း၊ တရားမဝင်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ တိုင်းမှုးဗိုလ်ချုပ်ကိုကိုမောင်ကို ‌နေပြည်တော် စစ်ဆေးရေးအရာရှိချုပ်ရုံးက တိုက်ရိုက်စစ်ဆေးခဲ့သည်ဟု ပြည်သူ့ပန်းတိုင်က ဆိုသည်။

စစ်ဆေးပြီး သုံးလကျော်အကြာတွင် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၎င်းနှင့် အတူ ‌မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အရာရှိကြီးများ၊ တိုင်းမှူး၏ ကိုယ်ရေးအရာရှိ အပါအဝင် ဗိုလ်ကြီးအဆင့်ထိ ပါဝင်ပတ်သက်ဆက်စပ်သူများကိုလည်း ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့သည်ဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်သည်။

" ဒီဖြစ်စဉ်မှာ တိုင်းမှူးရဲ့ကိုယ်ရေးအရာရှိဖြစ်သူကသာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့တာဖြစ်သော်လည်း တိုင်းမှူးကို တာဝန်ရှိမှုဖြင့် ထိရောက်အောင်အရေးယူလိုက်တာလို့ ဆိုကြပါတယ်။ မင်း အောင်လှိုင်အနေနဲ့ သူသာအဂတိကင်းတယ်ဆိုတာ ပြသချင်တာနဲ့ အောက်ခြေကို ရသမျှ‌ထိုးကျွေးနေတာပေါ်လွင်စေပါတယ်" ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က သုံးသပ်သည်။

ဗိုလ်ချုပ်ကိုကိုမောင်မှာ စစ်တက္ကသိုလ်အပတ်စဉ် ၃၈ ကျောင်းဆင်း တစ်ဦးဖြစ်ပြီး ယင်းအပတ်စဉ်များတွင် အစောဆုံး စစ်တိုင်းမှူး ဖြစ်‌‌ကြောင်း၊ စစ်ရုံးတွင်တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရင်းနီးဆက်စပ်သူလည်း ဖြစ်‌ကြောင်း ပြည်သူ့ပန်းတိုင်က ဖော်ပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်ကောင်စီထိပ်ပိုင်း ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူ မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုဖြင့် စစ်ခုံရုံးက ထောင်ဒဏ် ၂၀-နှစ် ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required