ပုလဲမြို့မရဲစခန်းနှင့် စစ်ကောင်စီတပ် ကင်းလှည့်ယာဉ် တိုက်ခိုက်ခံရ

ပုလဲမြို့မရဲစခန်းနှင့် စစ်ကောင်စီတပ် ကင်းလှည့်ယာဉ် တိုက်ခိုက်ခံရ

ဧပြီ ၁၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် မြို့မရဲစခန်းအား ဧပြီလ ၁၆ ရက် ည ၁၁ နာရီခန့်တွင် ရှော့တိုက်ဒုံး နှစ်လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အလားတူ ဧပြီလ ၁၇ ရက် မနက် ၇ နာရီခန့်တွင် ကင်းလှည့်နေသော စစ်ကောင်စီယာဉ် တစ်စီးနှင့် ဆိုင်ကယ် လေးစီးအား ပုလဲ-ဂန့်ဂေါလမ်းပေါ် သစ်တောရုံး အနီးတွင် မိုင်းလေးလုံးဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"ညက လျှော့တိုက်မိုင်း နှစ်လုံးနဲ့ ရဲစခန်းကို ပစ်လိုက်တော့ ရဲစခန်းထဲကလည်း ပြန်ပစ်တယ်။ ဒီနေ့ မနက်ပိုင်းမှာ ကင်းလှည့်ယာဉ်ကို မိုင်းဆွဲလိုက်တယ်။ ထိထိမိမိတော့ မထိသွားဘူး။ အပြန်အလှန် ပစ်ခတ်မှု ခဏတော့ ဖြစ်သွားပြီး စစ်ကောင်စီက ငါးယောက် ဒဏ်ရာရတယ်လို့ ကြားတယ်" ဟု ဒေါင်းနက်-နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ရဲစခန်း တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် ထိခိုက်မှုကို မသိရသေးဘဲ ကင်းလှည့်ယာဉ်နှင့် ဆိုင်ကယ် မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ထိခိုက်မှုများ ရှိခဲ့ကြောင်း တိုက်ခိုက်မှုကို ဒေါင်းနက်-နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့နှင့် PPDG အဖွဲ့တို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

"ညတုန်းက ရဲစခန်းကို PPDG အဖွဲ့က ဦးဆောင်ပြီး ထွေအုပ်ရုံးဘက်ကို လက်နက်ကြီးနဲ့ ပစ်တယ်။ ဒေါင်းနက်အဖွဲ့က ရဲစခန်းကို ပစ်တယ်။ ထိခိုက်မှု ရှိတယ်တော့ မကြားဘူး။ နဲနဲတော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားတာပေါ့။ မနက်က မိုင်းဆွဲတဲ့ ဖြစ်စဉ်မှာက ရဲစခန်းက အတည်ပြုချက်အရ ရဲတစ်ယောက်နဲ့ စစ်သား နှစ်ယောက် ဒဏ်ရာရတယ်။ သေလောက်တဲ့ ဒဏ်ရာ မဟုတ်ပေမဲ့ စိုးရိမ်ရတယ် ပြောတယ်" ဟု ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) အဖွဲ့ဝင်က ပြောသည်။

မတ်လ ၂၅ ရက်နေ့ကလည်း ပုလဲမြို့မ ရဲစခန်းနှင့် စုပေါင်းရုံးတို့ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက် ခံခဲ့ရသည်။

#Mizzima

#ပုလဲမြို့မရဲစခန်း

#PPDG

#ဒေါင်းနက်_နယ်စည်းမခြား

#စုပေါင်းရုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly