စင်ကာပူတွင် မမျိုးဥ အေးခဲခံခြင်းအား တားမြစ်ထားခြင်းကို ရုပ်သိမ်းရန် အဆိုပြု 

စင်ကာပူတွင် မမျိုးဥ အေးခဲခံခြင်းအား တားမြစ်ထားခြင်းကို ရုပ်သိမ်းရန် အဆိုပြု 
Photo - Google

မတ်လ ၃၁ ရက်

စင်ကာပူနိုင်ငံတွင် အမျိုးသမီးများက နောက်ပိုင်းအချိန်၌ ကလေးယူရန်အတွက် ၎င်းတို့၏ မမျိုးဥကို အေးခဲခံခြင်းနှင့် ပတ်သက်ပြီး အချိန်ကြာမြင့်စွာ တည်ရှိနေသည့် တားမြစ်ထားချက်ကို ရုပ်သိမ်းရန် အဆိုပြုလာပြီဖြစ်သော်လည်း စည်းရုံးလှုံ့ဆော်သူများက ယခု မူဝါဒမှာလည်း လုံလောက်မှု မရှိသေးကြောင်း ဗုဒ္ဓဟူးနေ့တွင် ဝေဖန်ကြသည်။ 

အလုပ်အကိုင်နှင့် ပတ်သက်ပြီး ဇောကပ်နေသော မြို့ပြနိုင်ငံ စင်ကာပူအနေဖြင့် ကလေးမွေးဖွားနှုန်း နိမ့်ကျခြင်းကို ကာလရှည် ရင်ဆိုင်တိုက်ဖျက်နေရခြင်းဖြစ်သော်လည်း အောင်မြင်မှုက အနည်းငယ်သာ ရှိသည်။ ပြီးခဲ့သည့်နှစ်က ကလေးမွေးဖွားနှုန်းသည် အမျိုးသမီးတစ်ဦးလျှင် ကလေး ၁ ဒသမ ၁၂ ဦး ဖြစ်ရာ ကမ္ဘာ့ပျမ်းမျှ ၂ ဒသမ ၃ ဦးနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ 

များစွာသော နိုင်ငံများမှ အမျိုးသမီးများသည် ဘဝနောက်ပိုင်း ပို၍ သင့်တော်သည့် အချိန်၌ ကလေးယူရန်အတွက် ၎င်းတို့၏ မမျိုးဥကို အေးခဲခံခြင်းအား ရွေးချယ်နိုင်ခွင့် ရှိထားကြသည်။ 

လူမှုရေးရာ သမားရိုးကျဆန်သော မြို့ပြ စင်ကာပူနိုင်ငံ၏ လက်ရှိ စည်းမျဉ်းဥပဒေသများအရ အမျိုးသမီးများသည် ကျန်းမာရေး အကြောင်းပြချက်အားဖြင့်သာ မမျိုးဥ အေးခဲခံနိုင်ခွင့် ရခြင်းဖြစ်သော်လည်း မူဝါဒ ပြုပြင်ပြောင်းလဲရန်အတွက် တောင်းဆိုမှုများ ကြီးထွားနေလျက် ရှိသည်။ 

ယခု သီတင်းပတ်၌ အစိုးရက ချမှတ်သော မူဝါဒ လမ်းညွှန်ချက်တွင် လာမည့်နှစ်မှစပြီး ကျန်းမာရေး အကြောင်းပြချက် မရှိလည်း အသက် ၂၁ နှစ်နှင့် ၃၅ နှစ်ကြား အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ မမျိုးဥကို အေးခဲခံနိုင်ခွင့် ခွင့်ပြုတော့မည်ဖြစ်ကြောင်း အဆိုပြုထားခြင်း ဖြစ်သည်။ 

အချို့သော အမျိုးသမီးများသည် ကိုယ်ရေးကိုယ်တာ အကြောင်းကိစ္စရပ်များကြောင့် မမျိုးဥကို ကြာရှည်ခံအောင် အေးခဲစေခြင်းကို စိတ်ဆန္ဒရှိကြသည်ဟု အာဏာပိုင်များအနေဖြင့် အသိအမှတ်ပြုကြောင်း အဆိုပါ မူဝါဒ လမ်းညွှန်ချက်၌ ဖော်ပြထားသည်။ 

“ဥပမာအားဖြင့် ငယ်ရွယ်စဉ်၌ လက်တွဲဖော် ရှာမတွေ့သော်လည်း အရွယ်လွန်မှ လက်ထပ်ဖြစ်ပြီး သားသမီး ရယူလိုသည့် ဆန္ဒများ ရှိကြကြောင်း” ယင်းလမ်းညွှန်ချက်တွင် ဆိုထားသည်။ 

သို့ရာတွင် တရားဝင် လက်ထပ်ထိမ်းမြားထားသော စုံတွဲများကသာ ၎င်းတို့၏ အေးခဲခံထားသော မမျိုးဥကို အသုံးပြုနိုင်မည်ဟု ဖြည့်စွက်ဖော်ပြထားပြီး လက်ထပ်ပေါင်းသင်းခြင်းတွင် မိခင်ဖခင် ဘဝကို ဖော်ဆောင်ထိန်းသိမ်းနိုင်ရန် ဖြစ်သည်ဟု ဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly