သက်တမ်းကုန်တော့မယ့်သမ္မတနဲ့နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမယ့် ကတိတည်ခဲ့ပါသလား

သက်တမ်းကုန်တော့မယ့်သမ္မတနဲ့နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမယ့် ကတိတည်ခဲ့ပါသလား

ရန်ကုန်၊ ဇန်နဝါရီ ၂၃။          ။မကြာတဲ့မယ့်ကာလအတွင်း သက်တမ်းကုန်တော့မယ့်ဦးသိန်းစိန်အစိုးရက သူတို့သက်တမ်းအတွင်း နိုင်ငံရေး အကျဉ်းသားများ ပပျောက်စေရမယ်လို့ ဂတိပြုခဲ့ပါတယ်။ အဲဒီနည်းတူပါပဲ ယခင်ဖမ်းဆီးထားတဲ့ နိုင်/ကျဉ်းတွေ ကိုထောင်အတွင်းက ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

ဦးသိန်းစိန်က ၂၀၁၃ခုနှစ်အတွင်း အင်္ဂလန်နိုင်ငံသို့ ပထမဦးဆုံးအကြိမ်သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ သူ့အစိုးရ လက်ထက်၊ ၂၀၁၃ခုနှစ်အကုန်မှာနိုင်ငံရေးအကျဉ်းသား အားလုံးကိုလွှတ်ပေးမှာဖြစ်ပြီး၊ ၂၀၁၄ခုနှစ်က စပြီး နိုင်ငံရေးအကျဉ်းသားတွေမရှိစေရဘူးလို့ ဂတိပြုခဲ့တာပါ။

ဒါပေမယ့်လည်း သက်တမ်းကုန်တော့မယ့်အထိ မြန်မာနိုင်ငံထောင်အတွင်း နိုင်ငံရေး အကျဉ်းသား (ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူများ)တွေကတော့ ကျန်ရှိနေလျက်ပါ။

ဦးသိန်းစိန်အစိုးရတက်လာပြီး ၂၀၁၁ခုနှစ်ကနေ ၂၀၁၆ ဇန်နဝါရီလ ၂၂ရက်အထိ လွှတ်ငြိမ်းချမ်းသာခွင့် ၁၉ကြိမ်အထိပေးခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိတဲ့ အကျဉ်းထောင်အသီးသီးက အကျဉ်းသား သုံးသောင်းသုံးထောင် ကျော်ကို လွှတ်ပေးခဲ့တာပါ။

ပထမဆုံးအကြိမ် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့က အကျဉ်းသား ၆၀၀၀ ကျော်လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား  ၂၀၀ ကျော်သာ ပါဝင်ခဲ့ပါတယ်။

၂၀၁၁ - ၂၀၁၆ခုနှစ်အထိ  သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သားအစိုးရလို့ဆိုတဲ့ လက်ထက်မှာ လွှတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသားစုစုပေါင်း ၃၃၄၄၃ ဦးလွှတ်မြောက်ခဲ့တဲ့အထဲမှာမှ နိုင်ငံရေး အကျဉ်းသားပေါင်း  ၁၂၃၅ ဦးသာပါရှိခဲ့တာဖြစ်ပါတယ်။

အကျဉ်းသားပေါင်း  သုံးသောင်းကျော်ကိုလွှတ်ပေးခဲ့ပေမယ့်လည်း နိုင်ငံရေးအကျဉ်းသား တစ်ထောင်ကျော်သာ ပါတဲ့အပြင် ဦးသိန်းစိန်ပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကုန်စေရမယ်ဆိုတဲ့ ကတိကလည်း သူ့သက်တမ်း ကုန်ဆုံးတော့မယ့် အချိန်အထိမတည်နိုင်သေးပါဘူး။

နိုင်ငံရေးအကျဉ်းသားအရေးဆောင်ရွက်တဲ့အဖွဲ့တွေနဲ့ ဦးသိန်းစိန်အစိုးရအကြား နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားလုံးကို သုံးစွဲရာမှာ ဝိဝါဒကွဲပြားမှုကြောင့်လည်း ထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကျန်ရှိနေ တာဖြစ်တယ်လို့ နိုင်/ကျဉ်းအရေးဆောင်ရွက်သူတွေက ဝေဖန်ကြပါတယ်။

ဦးသိန်းစိန်ကတိပြုခဲ့တဲ့ ၂၀၁၄နှစ်စမှာပဲ နိုင်/ကျဉ်းအဖွဲ့တွေက နိုင်ကျဉ်းလို့သက်မှတ်ထားသူ ယောက် ၃၀ ထောင်တွင်းမှာကျန်နေခဲ့ပါတယ်။

"ဦးသိန်းစိန်အစိုးရပြောသလို ၂၀၁၄ကစပြီး နိုင်ငံရေးအကျဉ်းသားမရှိစေရဘူးဆိုတာကဖြစ်မလာပါဘူး။ အစိုးရ တစ်ရပ်ကပြောခဲ့တဲ့အတိုင်းဖြစ်အောင်လုပ်ဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ရင်သူ့အပေါ်ယုံကြည်မှုကို ဘယ်တော့မှ ရတော့မှာမဟုတ်ပါဘူး။" ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာ) တွဲဖက်အတွင်း ရေးမှူး ဦးဘိုကြည်က ဆိုပါတယ်။

အဲဒီထောင်ထဲမှာကျန်ခဲ့တဲ့ နိုင်ကျဉ်းအယောက် ၃၀အပြင် ဦးသိန်းစိန်အစိုးရကပင် ၂၀၁၄ခုနှစ်မှ ၁၆၀၊ ၂၀၁၅ခုနှစ်မှာ ၁၇၃ဦးသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူ၊ ကျောင်းသား၊ မီဒီယာ၊ လယ်သမား၊ စုစုပေါင်း၊ ၃၃၃ဦးကို  ငြိမ်းစုစီ ပုဒ်မ ၁၈၊ ပိုင်နက် ကျူးကျော်မှူ၊ ကျော်နင်းဝင်ရောက်မှု၊ မတရားအသင်းဆက်သွယ်မှု၊ အသရေဖျက်မှု၊ နိုင်ငံတော်အကြည်အညို ပျက်စေမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲလို့ထောင်ချခဲ့ပါတယ်။

အဲဒီလိုထောင်ချခံရသူတွေအပြင် လက်ရှိအချိန်အထိ အထက်ပါပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရသူတွေကလည်း ၄၀၀ ကျော်အထိရှိနေသေးပါတယ်။

အဲဒီတော့ အခုအချိန်အထိ နိုင်ငံအနံှ့ကထောင်အတွင်းမှာ ဦးသိန်းစိန်အစိုးရလက်ထက် ဖမ်းဆီးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားလို့ ယူဆထားသူ ၇၇ယောက်နဲ့ အမှုရင်ဆိုင်နေရသူ ၄၀၀ကျော်ကျန်ရှိနေတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးတင်မောင်ဦးက ဆိုပါတယ်။

အဲဒီလိုကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့တွေ၊ အကျဉ်းကျခံရသူမိသားစုဝင်တွေက အစိုးရသစ်လက်ထက်မှာ မျှော်လင့်တစ်ကြီး စောင့်စားလျက်ရှိ ပါတယ်။

"အစိုးရသစ်က ကျန်နေတဲ့အကျဉ်းသားတွေကိုလွှတ်ပေးနိုင်ဖို့ဆိုတာက သူတို့ဘယ်လောက်လုပ်ပိုင်ခွင့် ရမလဲဆိုတဲ့အပေါ်မူတည်နေတယ်။ အခုလုံခြုံရေးနဲ့ပက်သက်တဲ့ကိစ္စတွေကို ကာချုပ်နဲ့၊ ပြည်ထဲရေးကပဲ လုပ်ပိုင်ခွင့်ရှိသလိုဖွဲ့စည်းပုံမှာပါနေတဲ့အတွက် ဒါကိုပြင်ဆင်ပြီးလုပ်နိုင်လိမ့်မယ်လို့ ထင်တယ်။" ဟု ဦးဘိုကြည် က သုံးသပ်ပြောဆိုပါတယ်။

ဦးသိန်းစိန်သမ္မတက သူသက်တမ်းအတွင်းမှာ ပေးထားတဲ့ ကတိအရ နိုင်ငံရေးအကျဉ်းသားတွေကုန်အောင် ပြန်လွှတ်မပေးနိုင်ပေမယ့်လည်း လာမယ့် ပြည်သူကတစ်ခဲနက်မဲပေးရွေးချယ်လိုက်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက်မှာတော့ ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲဆိုတာကိုပဲ အားလုံးကစောင့်ကြည့်ရတော့ မှာပဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required