စစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်သာပါ

By ဂန္ဒမာ (မဇ္ဈိမ)
02 August 2023
စစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်သာပါ

ဓမ္မစကြာနေ့အထိမ်းအမှတ်အဖြစ် ဩဂုတ်လ ၁ ရက်နေ့က နိုင်ငံတစ်ဝန်းရှိ အကျဉ်းသား/သူ ၇,၇၄၉ ဦးအား စစ်ကောင်စီမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာတွင် နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်သာပါ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ချက်အရ သိရ သည်။

AAPP အနေဖြင့် ယခုကိန်းဂဏန်းထဲတွင် ၂၀ ဦးကိုသာ အမည်နှင့်တကွ အတည်ပြုနိုင်ခြင်းဖြစ်ကာ လွတ် မြောက်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသား ပါ ၊ မပါ အတည်ပြုမှု၌ အဟန့်အတားဖြစ်စေရန် စစ်ကောင်စီအနေဖြင့် ကိုယ်ရေးအချက်အလက် အထောက်အထားများကို ပွင့်လင်းမြင်သာစွာ ဖော်ပြခြင်း မရှိကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

“အခုလွတ်လာတဲ့သူတွေထဲမှာ နိုင်/ကျဉ်း ပါဝင်မှုနည်းတယ်။ ကျွန်တော်တို့ကလည်း အကုန်လုံးကို လိုက် ပြီး အတည်မပြုနိုင်ဘူး။ တေးသံရှင် ပိုင်သက်ကျော်ကလွဲရင် နာမည်ကြီး အနုပညာရှင်၊ ဆယ်လီတွေမပါ ဘူး။ နိုင်ငံရေးဆက်နွယ်သူတွေမပါဘူး။ နောက်ပြီး လွှတ်ပေးလိုက်တဲ့သူတွေက လွတ်ငြိမ်းမပေးလည်း လွတ်မယ့်သူ‌တွေပါ။ ဒါဟာ အကျဉ်းသားအားလုံးကို တန်းတူညီမျှ အခွင့်အရေးပေးတာမဟုတ်ဘူး” ဟု ရှေ့နေကြီး ဦးခင်မောင်မြင့်က မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုအပေါ် အသိအမှတ်ပြု၊ ကြိုဆိုစရာမရှိကြောင်းလည်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။

“ဒီလိုလွှတ်ပေးတာ အဖြေလည်းမဟုတ်ဘူး။ စစ်ကောင်စီက သူတို့အကျိုးစီးပွားအတွက် လုပ်တာ။ နိုင်ငံ တကာရဲ့ဖိအားတွေအပေါ်မှာ သူတို့အရှုံးကြီးရှုံးနေလို့ လုပ်တာ။ ဒါကို အသိအမှတ်လည်းမပြုဘူး။ သူတို့ ဒီလိုလုပ်လို့ ကြိုဆိုစရာလည်းမရှိဘူး” ဟု ဆိုသည်။

“အင်းစိန်ထောင်ကနေဆိုရင် အကျဉ်းသား/သူ ၁,၀၀၀ ကျော်လွှတ်ပေးတယ်ဆိုတာ ဟုတ်တယ်။ လွတ် ရက်နီးတွေချည်းပါပဲ။ ခြောက်လအောက်ပဲလွှတ်တာ။ ဆယ်လီတွေ လွှတ်ဖို့မမြင်ဘူး။ သူတို့က နိုင်ငံတော် အတိုင်ပင်ခံတို့၊ သမ္မတကြီးတို့ကို အသုံးချပြီး ထွက်ပေါက်ရှာတာဖြစ်တဲ့အတွက် နာမည်ကြီးဆယ်လီတွေ ပါလာဖို့ မမြင်ဘူး။ ၅၀၅ တွေတော့ အများဆုံးပါဝင်လာနိုင်‌ချေရှိပါတယ်” ဟု ဦးထွန်းကြည်က ဆက် ပြောသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစတင်ကာ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ထိ ဖမ်းဆီးခံရသူ ၂၄,၁၃၀ ဦး ရှိပြီး ထိုအထဲမှ ၁၉,၇၁၆ ဦးမှာ ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်။

ထိန်းသိမ်းခံရသူများအနက် ၆,၉၇၁ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ ၁၁၅ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။

ဓမ္မစကြာနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက အကျဉ်းသား/သူ ၇,၇၄၉ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့သလို အမိန့်အမှတ်(၅၀/၂၀၂၃)ဖြင့် အကျဉ်းထောင်းအသီးသီးတွင် သေဒဏ်ချမှတ်ခံထားရသော  အကျဉ်းသား/သူများအနက် ပြစ်ဒဏ်လျှော့ပေါ့သင့်သူများကို သေဒဏ်ပြစ်ဒဏ်မှ ထောင်ဒဏ်တသက်သို့  ပြောင်းလဲကျခံစေလိုက်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် သေဒဏ်မှပယ်ဖျက်ခြင်းခံရသူအရေ အတွက်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် မြန်မာနိုင်ငံ၌ ဆယ်စုနှစ်နှင့်ချီပြီးရပ်နားထားခဲ့သည့် သေဒဏ်စီ ရင်ခြင်းအား ပြန်လည်လုပ်ဆောင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများဖြစ်သော ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာ သော်အပါအဝင် လေးဦးကို သေဒဏ်စီရင်လိုက်ကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကြေညာ ခဲ့သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly