ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်အား ကျိုက်စကောထောင်မှ ခေါ်ထုတ်သွားပြီးနောက် သေဆုံး

By ရွှေနွယ် (မဇ္ဈိမ)
08 July 2023
ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်အား ကျိုက်စကောထောင်မှ ခေါ်ထုတ်သွားပြီးနောက် သေဆုံး
ပဲခူးဗကသဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်

ပဲခူးတိုင်းအရှေ့ခြမ်း ဒိုက်ဦးမြို့နယ် ကျိုက်စကောထောင်အတွင်း ဖမ်းဆီးအကျဉ်းချခံထားရသော ပဲခူးခရိုင် ဗကသဒုတိယဥက္ကဋ္ဌ ကိုခန့်လင်းနိုင်အား စစ်ကောင်စီတပ်မှ လာရောက်ခေါ်ထုတ်သွားပြီးနောက်တွင် သေဆုံးသွားပြီဖြစ်ကြောင်းကို ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့၌ သိရှိရသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားသည်။

ကျိုက်စကောထောင်အတွင်းမှ ကိုခန့်လင်းနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးအား ၂၀၂၃ ခုနှစ် မေလ ၂၈ ရက်နေ့တွင် စစ်ကောင်စီတပ်မှ လာရောက်ခေါ်ထုတ်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ရာမှ သတင်းပြန်ရရှိချိန်တွင် သေဆုံးပြီဟုသိရကြောင်း ဗကသအဖွဲ့ချုပ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ထောင်ကနေ မိသားစုကို သေဆုံးကြောင်း စာပို့အကြောင်းကြားတာပါ။ အလောင်းကိုမတွေ့ရပါဘူး” ဟု ဗကသများအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်တစ်ဦးမှ မဇ္ဈိမကိုပြောသည်။

ပဲခူးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဒုဥက္ကဋ္ဌဖြစ်သူ၊ အသက် ၂၀ အရွယ်ခန့်ရှိ ကိုခန့်လင်းနိုင်သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်မှ အမြန်လမ်းတစ်နေရာ၌ အဝေးပြေးကားပေါ်မှတစ်ဆင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ပုဒ်မ ၅၀ (ည)၊ ၅၁ (ဂ) တို့ဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်အတွင်းကလည်း ဒိုက်ဦးမြို့ ကျိုက်စကောထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၄ ဦးအား စစ်ကောင်စီတပ်မှ ခေါ်ထုတ်သွားခဲ့ပြီး ပြင်းပြင်းထန်ထန်နှိပ်စက်ရိုက်နှက်ခဲ့ကြောင်းကို အကျဉ်းထောင်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှသိရှိရပြီး အဆိုပါ နိုင်ကျဉ်းများ၏ နောက်ဆက်တွဲအခြေအနေအသေးစိတ်ကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်း၍ မရရှိသေးပေ။

“ကျွန်မသားလေးလည်း အဲ့ဒီ ၂၄ ယောက်ထဲပါသွားတယ်လို့ သတင်းရတယ်လေ၊ ကျွန်မတို့ ခုထိသူဘာဖြစ်နေလဲမသိရသေးဘူး၊ စိုးရိမ်နေပါတယ်” ဟု ကျိုက်စကောထောင်တွင် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်မှပြောသည်။

ထို့ပြင် မေလ ၂၅ ရက်နေ့တွင် ပဲခူးပကဖ လေ့ကျင့်စုဆောင်းရေးတာဝန်ခံ ကိုသန့်ဇင်ဝင်းအပါအဝင် နိုင်ငံရေးအကျဉ်းသား သုံးဦးအား ကျိုက်စကောထောင်မှခေါ်ထုတ်သွားပြီးနောက် မေလ ၂၇ ရက်နေ့တွင် ကိုသန့်ဇင်ဝင်းသေဆုံးသွားကြောင်း ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသိုင်းအဝိုင်းမှ အတည်ပြုပြောကြားထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့ကလည်း မြင်းခြံထောင်အတွင်း အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့် ထောင်ဒဏ်ကျခံနေရသော နိုင်ငံရေးအကျဉ်းသား ကိုစိန်ဝင်း အစာအိမ်သွေးကြောပေါက်၍ သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုသို့အကြောင်းကြားလာခဲ့ကြောင်းနှင့် ရုပ်အလောင်းတွင်မူ ညှဥ်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများတွေ့ရကြောင်း မိသားစုနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှသိရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၄ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

“တောင်ငူထောင်ဖြစ်စဉ်က စစ်ကောင်စီကိုတော်တော်လေးအရှက်တကွဲအကျိုးနည်းဖြစ်စေတယ်။ သူတို့အနေနဲ့ ထောင်တွေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူး လူအင်အားလည်းမလောက်ငတော့ဘူး။ အဲ့တော့ ကျိုက်စကောထောင်အပါအဝင် တောင်ငူထောင်၊ မြင်းခြံထောင်၊ သာယာဝတီထောင် နိုင်ငံတစ်ဝန်းကထောင်တွေမှာ နိုင်ကျဉ်းတွေကို နှိပ်စက်ဖိနှိပ်ပြလာတယ်။ ဒါသတ္တိရှိလို့လုပ်နေတာမဟုတ်ဘူး သူရဲဘောကြောင်တဲ့လုပ်ရပ်ပဲ။ ငါတို့်ခြင်းထဲကကြက် ခေါင်းထောင်ထမလာစေရဘူးဆိုတဲ့ စိတ်နဲ့ အကျဉ်းထောင်လက်စွဲဥပဒေတွေ ဘာတွေ ဘာမှမရှိတော့ဘူး" ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်မှပြောသည်။

ထိုသို့အကျဉ်းထောင်အသီးသီးတွင် အကျဉ်းသားများ ဖိနှိပ် နှိပ်စက်ခံနေရမှုများအတွက် ၎င်းတို့အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများမှသိရှိစေရန်၊ အရေးယူဆောင်ရွက်စေရန် နည်းမျိုးစုံဖြင့်ဆောင်ရွက်နေကြောင်း၊ သို့သော် နိုင်ငံတကာအဖွဲ့အစည်းများသည် သတိပေးစာများထုတ်ခြင်းမှလွဲ၍ အရေးယူမှုများပျက်ကွက်နေပြီး ထိုသို့ပျက်ကွက်နေခြင်းများသည် စစ်ကောင်စီအား အကျဉ်းသားများအပေါ်ပြုမူချင်တိုင်းပြုမူရန် လိုင်စင်ချထားပေးသလိုဖြစ်နေကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ ၎င်း၏လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့်လည်း အဆိုပါကိစ္စရပ်များအတွက် များစွာတာဝန်ရှိကြောင်း ဦးထွန်းကြည်မှပြောသည်။

“ICRC ကလည်း ဝင်ခွင့်မပေးဘူးဆိုတာနဲ့ လှည့်ပြန်သွားတယ်။ နှုတ်ပိတ်နှုတ်ဆိတ်တာကြီးက စစ်တပ်ကိုလိုင်စင်ထုတ်ပေးထားသလိုဖြစ်နေတယ်။ နိုင်ငံရေးအကျဉ်းသားတွေရော ပြည်သူတွေရော အသက်အပိုမပါဘူး။ ဒါကို လက်ပိုက်ကြည့်နေတာကြီးကတော့ ဒါမဖြစ်သင့်တာပါ" ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ဝေဖန်သုံးသပ်သည်။

ထိုသို့ အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများအား ခေါ်ထုတ်၍ ညှဥ်းပန်းနှိပ်စက်နေမှုများနှင့်အတူ နိုင်ကျဉ်းများအသက်ဆုံးရှုံးနေရခြင်းများနှင့်ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းအား မဇ္ဈိမမှ ယနေ့ နံနက်ပိုင်းတွင် ခုနစ်ကြိမ်တိုင်တိုင် ဖုန်းခေါ်ဆိုခဲ့သော်လည်း ဖုန်းဝင်ပြီး ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ထို့ပြင် အကျဉ်းဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းရာတွင်မူ "ကျွန်တော် ဘာမှမသိပါဘူးဗျ။ ကျွန်တော့်အပိုင်းမဟုတ်ဘူး၊ ကျွန်တော်သိရင်ဖြေပေးပါတယ်။ သက်ဆိုင်သူတွေရဲ့ ဖုန်းနံပတ်လည်းကျွန်တော်မသိပါဘူး" ဟုသာ ပြန်လည်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်မေလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန်ခန့်က တောင်ငူထောင်တွင်အကျဉ်းချခံထားရသော နိုင်ငံရေးအကျဉ်းသား ကိုးဦးသည် တရားရုံးထုတ်လာစဉ် တာဝန်ကျ စစ်ကောင်စီတပ်သားများအား ခုခံတိုက်ခိုက်၍ ထွက်ပြေးလာခဲ့ရာ လက်နက်အချို့နှင့်အတူ လွတ်မြောက်နယ်မြေသို့ပြန်လည်ရောက်ရှိလာခဲ့သည်။

ထိုဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်းမှစတင်ကာ စစ်ကောင်စီသည် နိုင်ငံအဝန်းအကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသားများအပေါ် နှိပ်စက်ညှဥ်းပန်းမှုများ ပိုမိုလုပ်ဆောင်လာခဲ့ပြီး ထောင်ပြင်ပသို့ခေါ်ထုတ်၍ စစ်ကြောစဉ် သေဆုံးရသူ နိုင်ကျဉ်းများလည်း ရှိလာခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇူလိုင်လ ၇ ရက်နေ့ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းချိန်မှစတင်၍ ဇူလိုင်လ ၇ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၃,၇၅၉ ဦးရှိပြီး ထိုထဲမှ ၁၉,၃၈၉ ဦးမှာ ထိန်းသိမ်းခံထားရဆဲဖြစ်ကာ ၆,၆၇၂ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပြီးဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required