ခန္ဓာကိုယ်ပေါ်က သဘာဝ မဟုတ်သည့် အလှများ၏ အန္တရာယ်

ခန္ဓာကိုယ်ပေါ်က သဘာဝ မဟုတ်သည့် အလှများ၏ အန္တရာယ်

ဖေဖော်ဝါရီ ၁၉

ရန်ကုန်မြို့က နာမည်ကြီး အကအဖွဲ့ ရဲ့ အဖွဲ့ဝင် အမျိုးသမီးငယ် တစ်ဦး သေဆုံးခဲ့တဲ့ သတင်းဟာ အင်တာနက် သုံးစွဲနေကြတဲ့ အမျိုးသမီးတွေအကြား ထိတ်လန့်စရာ သတင်းအဖြစ် ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမ အပတ်ထဲက စလို့ ပျံ့နှံ့ခဲ့ပါတယ်။

အသက် ၂၀ ကျော် အရွယ် အဲဒီ အမျိုးသမီးငယ်ဟာ ရန်ကုန်မြို့က တရားမဝင် ဆေးခန်းတစ်ခုမှာ ရင်သားဖွံ့ထွားဆေး ထိုးပြီး သုံးရက်အကြာမှာ သေဆုံးခဲ့တာပါ။

မြန်မာနိုင်ငံမှာ လူတွေ သတိမထား လိုက်မိစဥ်မှာဘဲ အခုလိုမျိုး တရားမဝင် ဆေးခန်းတွေနဲ့ တရားမဝင် ဆေးဝါးတွေကြောင့် သေဆုံးသူတွေ၊ ပြန်မကောင်းနိုင်တော့‌အောင် ကျောက်ကပ် ပျက်စီးရသူတွေ၊ အရေပြား ပျက်စီးသူနဲ့ တခြားရောဂါ ဝင်လာကြသူတွေဟာ ဒုနဲ့ဒေးပါ။

၂၀၁၅ ခုနှစ်က စပြီး ၂၀၂၂ ခုနှစ်အထိ အရေပြားဆေးခန်း လာပြသူဟာ အလှကုန် ပစ္စည်းနဲ့ အလှအပ ဆေးခန်းတွေကနေ ရလာတဲ့ ဆိုးကျိုးတွေကြောင့် ဖြစ်တယ်လို့ မန္တလေးမြို့က အရေပြား အထူးကု ဆရာဝန်ကြီး ဒေါက်တာခင်မောင်မြင့်က ဆိုပါတယ်။

ဒါ့အပြင် အရေပြားဆေးခန်းကို လာပြသူ အရေအတွက်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုနဲ့ယှဥ်ရင် အဆမတန် များပြားလာတယ်လို့ ဆိုပါတယ်။

"အဓိကကတော့ အရေပြား ပျက်စီးတာပေါ့။ အဖုအပိန့်တွေ ထွက်လာတယ်။ တချို့ဆို အရေပြား ကင်ဆာတို့ ၊ သွေးအဆိပ် သင့်တာတွေ အထိ ရှိတယ်" လို့ ဒေါက်တာခင်မောင်မြင့်က ဆိုပါတယ်။

အလှအပရေးရာ ဆေးခန်းလို့ နာမည်တပ်ထားတဲ့ စမ်းချောင်းမြို့နယ်က ဆေးခန်းတစ်ခုမှာ နှာခေါင်းလှဖို့ ကြိုးထိုးခဲ့သူ ရန်ကုန်မြို့က မရီရီဝင်းဟာလည်း နှာခေါင်းက ကြိုးစဟာ အသားကို ဖောက်ပြီး အပြင် ထွက်လာတာကြောင့် အချိန်အတော်ကြာ ကုခဲ့ရတယ်လို့ ဆိုပါတယ်။

နှာတံဆင်းဖို့ နှာခေါင်းကြိုးထိုး ကုသခြင်း ကုထုံးပြုလုပ်ရာမှာ ကြိုးထိုးထားတဲ့ နှာခေါင်းထိပ်မှာ ကပ်ထားတဲ့ အနာကပ် ပလာစတာကို သုံးရက်နေပြီး ခွာလိုက်စဥ် နှာခေါင်းထိပ်မှာ အဖုလို သေးသေးလေး စထွက်လာတာလို့ ဆိုပါတယ်။

"သူတို့ဆေးခန်းကို သွားပြန်ပြတော့ ဘာမှမဖြစ်ဘူး ဆိုပြီး ပေါ်နေတဲ့ ကြိုးစကို ဇာဂနာနဲ့ ဆွပြီး ဆွဲနုတ်တာ။ အဲဒီနောက်ပိုင်း အဲ့ဒီဒဏ်ကို မခံနိုင်လို့ ဆေးခန်းကို ထပ်သွားမပြရဲဘူး" လို့ မရီရီဝင်းက ဆိုပါတယ်။

တစ်လ အကြာမှာတော့ သူမရဲ့ နှာခေါင်းထိပ်မှာ အဖုနှစ်ဖု စထွက်လာပြီး ကြိုးစတွေက စထွက် လာတယ်လို့ ဆိုပါတယ်။ နှာခေါင်းထိပ်ဟာ နီရဲလာပြီး နာကျင် လာတယ်လို့ ဆိုပါတယ်။ ဆေးခန်းကို ပြန်သွားပြောတဲ့ တချိန်မှာ ပျောက်သွားမှာပါ၊ သက်သာသွားမှာပါ ဆိုတဲ့ စကားထပ် ပိုတဲ့ တာဝန်ယူမှု မရှိခဲ့ပါဘူး။

ပိုပြီး ဆိုးတာက သူ နှာခေါင်းကြိုးထိုးတဲ့ ဆေးခန်းဟာ ဆေးဝါးကျွမ်းကျင် ဆရာဝန်က ဖွင့်လှစ်ထားတဲ့ ဆေးခန်းမဟုတ်ဘဲ အပြင်သင်တန်းတက်ပြီး သာမန် အလှအပရေးရာ ပြုလုပ်သူတွေက ဖွင့်ထားတဲ့ ဆေးခန်း ဖြစ်နေတာပါ။

အထွေထွေရောဂါကု ဆရာဝန် တစ်ဦးကတော့ "မြန်မာနိုင်ငံက ဆရာဝန်လက်မှတ် ရပြီးသား သူတွေဟာ ဒီလိုမျိုး ပြုပြင် ခွဲစိပ်ဖို့ သင်တန်း ထပ်တက်ရပါတယ်။ အဲဒီလိုမျိုးပဲ ခွင့်ပြုချက်နဲ့ လုပ်ရတာပါ။ သာမန်လူတွေ အပ်ကိုင် ထိုးနေကြတာက တော်တော် အန္တရာယ် များပါတယ်"လို့ မှတ်ချက် ပြုထားပါတယ်။

အလှပြုပြင်ဖို့ ခွဲစိပ်တာ မလုပ်ကြဖို့ တားမြစ်တာ မဟုတ်ဘဲနဲ့ ကျွမ်းကျင် ဆရာဝန်တွေနဲ့ ပြုလုပ် ကြဖို့ အကြံ ပြုထားပါတယ်။

ခေတ်ကာလ အပြောင်းအလဲအရ ပင်ကိုယ်ရှိပြီးသား ပုံစံကနေ ပိုလှပတယ်လို့ ထင်ရတဲ့ ပုံစံတစ်ခုကို ဆေးဝါးတွေနဲ့ ပြောင်းလဲပစ်ကြတဲ့ အလေ့အထ တစ်ခုကလည်း အမျိုးသမီးတွေကြား ရှိလာပါတယ်။

ဒါပေမဲ့ တရားမဝင် ဆေးဝါးနဲ့ ဆေးခန်းတွေ အပြိုင်ပေါ်ပေါက်လာပြီး အဲဒီကနေ တဆင့် ပုံမှန်ထပ် ပိုမိုဆိုးရွားတဲ့ အခြေအနေကို ရောက်ရှိလာသူတွေ အများအပြား ရှိခဲ့တာကို လူတွေ သတိ မပြုမိခဲ့ကြပါဘူး။

"အလှကုန်ပစ္စည်း တစ်ခုခု လိမ်းလိုက်လို့ အဖုတွေ ထွက်လာတယ်။ အရေပြားတစ်ခုခု ဖြစ်လာရင် ဒီပစ္စည်းနဲ့ ကိုယ်နဲ့ မတည့်ဘူးလို့ဘဲ တွေးလိုက်မိတယ်။ အကုန်လုံးလည်း အဲ့လိုပဲ တွေးကြတယ်လေ "လို့ အသက်၂၀ အရွယ် မန္တလေးမြို့က အမျိုးသမီးငယ် တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံကို အလှကုန် ပစ္စည်းတွေ အဓိက တင်သွင်းနေတဲ့ နိုင်ငံတွေဟာ ကိုရီးယား ၊အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့ ဖြစ်ပါတယ်။ ဒါပေမဲ့ တင်သွင်းရ လွယ်ကူတဲ့ ထိုင်းနိုင်ငံက ပစ္စည်းအများစုက မြန်မာနိုင်ငံရဲ့ အလှကုန် စျေးကွက်ကို နေရာ ယူထားပါတယ်။

ရင်သားကြီးဆေး၊ အသားဖြူဆေး၊ နှုတ်ခမ်းရဲဆေး၊ နှာတံဆင်းအောင် ပြုပြင်ခြင်းတို့ဟာ ထိုင်းနိုင်ငံမှာ နာမည်ကြီးနေပြီး အဲဒီက ဆေးဝါးတွေနဲ့ မြန်မာနိုင်ငံမှာ ပြန်လည် ပြုလုပ်နေကြတာပါ။

ထိုင်းနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ် ကဲရေးဌာန( FDA) အတု၊ အလှကုန် အတုနဲ့ အလှအပ ဆိုင်ရာ ဆေးဝါး အတုတွေ ပြုလုပ်နေတဲ့ ကုမ္ပဏီတွေကို ထိုင်းနိုင်ငံမှာလည်း မကြာခဏ ဆိုသလို ဖမ်းဆီး ရမိခဲ့မှုတွေ ရှိပါတယ်။

ထိုင်းနိုင်ငံမှာ တစ်ကမ္ဘာလုံး သုံးနေတဲ့ အလှကုန်ပစ္စည်း နာမည်တွေနဲ့ အတုတွေ ထုတ်နေတဲ့ ကုမ္ပဏီကို ၂၀၁၈ ခုနှစ် ဧပြီလမှာ ဖမ်းဆီး ရမိ ခဲ့ပါသေးတယ်။ အဲဒီ ကုမ္ပဏီက ထိုင်းနိုင်ငံ FDA လက်မှတ် အတုကိုပါ ပြုလုပ်ထားသေးတယ်လို့ သတင်းကြေညာချက်မှာ ပါလာခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီက အလှကုန် အဓိက တင်ပို့နေတဲ့ နိုင်ငံထဲမှာလည်း မြန်မာနိုင်ငံ ပါဝင်ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာလည်း အလှကုန်ဆေးဝါး အတု ထုတ်လုပ်နေတဲ့ ကုမ္ပဏီကြီးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့သေးကြောင်း ထိုင်းရဲထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံက ပြည်သူတွေကြား ရေပန်း စားခဲ့ပါသေးတယ်။

ထိုင်းနိုင်ငံမှာ အလှကုန်ပစ္စည်းအတုတွေ မကြာခဏဖမ်းဆီးရမိလေ့ရှိပြီး ၂၀၂၁ ခုနှစ် ဇွန်လကလည်း ပြဒါး ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေ ဖမ်းမိကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြထားပါတယ်။ ပြဒါးပါဝင်တဲ့ အလှကုန်အတုကို အသုံးပြုမိသူတွေဟာ ဓာတ်မတည့်မှု ဖြစ်ပြီး အသက်သေဆုံးမှုတွေပါ ရှိခဲ့တယ်လို့ ထိုင်း FDA အရာရှိက ပြောကြားထားတာကို ဒီသတင်းမှာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ အသားဖြူဆေး၊ ရင်သားကြီးဆေးတွေကို ထိုင်းနိုင်ငံက တင်သွင်း ထားတာလို့ အလှပြုပြင်ရေး ဆိုင်တွေရဲ့ ကြေညာချက်မှာ ရေးကြလေ့ ရှိပါတယ်။ သူတို့ရဲ့ ကြေညာချက်မှာ ထိုင်းနိုင်ငံက တရားဝင် တင်သွင်းထားပြီး ထိုင်း FDA ရရှိထားတဲ့ ဆေးဝါး ဖြစ်တယ်လို့ ဖော်ပြ ကြပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဆင့်ပွားဈေးကွက် ဖြန့်ချီရေးလုပ်ငန်း (Multi Level Marketing) ကို ပုံစံပြောင်းအဖြစ် ဝင်ရောက်လာတဲ့ Agent ခေါ်ယူရောင်းချနေတဲ့ ပစ္စည်းအများစု ဟာလည်း ထိုင်းနိုင်ငံက ဝင်ရောက်လာပြီး ထိုင်း FDA ရရှိထားတဲ့ ပစ္စည်းလို့ ကြေညာလေ့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ အလှကုန် ပစ္စည်းတွေကို ထိန်းချုပ်ဖို့ ဥပဒေ မရှိသေးပါဘူး။ အင်တာနက် ပေါ်မှာ ဖြန့်ဖြူး ရောင်းချနေတဲ့ အလှကုန် ဆေးဝါးတွေနဲ့ ပတ်သက်လို့ ဥပဒေ ရေးဆွဲဖို့ ရှိတယ်လို့ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ် ကဲရေးဌာန (FDA) က တာဝန်ရှိသူ တစ်ဦးက ၂၀၁၈ ခုနှစ်မှာ ပြောကြား ထားခဲ့ပေမယ့် ယနေ့အထိ ဥပဒေ ထွက်မလာသေးပါဘူး။

ရန်ကုန်မြို့က အရေပြားအထူးကု ဆရာဝန်ကြီး တစ်ဦးကတော့ အလှကုန်တွေကို စိစစ်သုံးသင့်ပြီး လိုတာထပ်ပိုပြီး ဓာတုပစ္စည်းကို သုံးထားတဲ့ အလှကုန် ပစ္စည်းတွေဟာ အရေပြားကင်ဆာ အထိ ဖြစ်နိုင်ကြောင်း ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ အလှကုန်ပစ္စည်းနဲ့ အလှပြုပြင်ရေး တရားမဝင် ခွဲစိပ်ကုသနေတဲ့ ဆေးခန်းတွေ ကြောင့် ထိခိုက်တဲ့သူ များပေမယ့် တာဝန်ယူမှု မရှိကြတဲ့အပြင် ဘယ်သူမှလည်း တရားဥပဒေ အရ အရေးယူခြင်း ခံခဲ့ရတာမျိုးလည်း မရှိခဲ့ပါဘူး။

မန္တလေးမြို့က အတော်အသင့် နာမည်ရှိတဲ့ မော်ဒယ်လ် မိန်းကလေး တစ်ယောက်ဟာ အသက် ၂၀ ကျော်အရွယ်မှာပဲ ရင်သား ဖွံထွားဆေး လိမ်းပြီး အသားဖြူဆေး သောက်သုံး ခဲ့တာကြောင့် တစ်နှစ်ကျော် အကြာမှာ ကျောက်ကပ်နဲ့ အရေပြား လေးဘက်နာ ရောဂါကို ခံစားခဲ့ရပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်ကစပြီး အဲ့ဒီဆေးတွေ သောက်ခဲ့တာပါ။

အဲ့ဒီနောက် မန္တလေး ဆေးရုံကြီးမှာ ကျောက်ကပ်ဆေးစဥ် အကြောမလွတ် ဖြစ်ကာ အောက်ပိုင်း လှုပ်မရ၊ ခန္ဓာကိုယ် အတွင်း ရေတွေ ဝင်ရောက်လာခဲ့လို့ နှစ်နှစ်နီးပါး အိပ်ယာထဲကနေ ကုသ ခဲ့ရပါတယ်။

"လူပင်ပန်း၊ ပိုက်ဆံတွေ ကုန်တာလေ။ အခု ရောဂါ ပျောက်သွားတာတောင် ခြေထောက်တွေက အကြာကြီး လမ်းလျှောက်လို့ မရသေးဘူး။ အခုထိလည်း ဆေးတွေ စားနေရတုန်း"လို့ သူက ပြောပါတယ်။

တရားမဝင် ဆေးဝါးတွေကို ကိုယ်တိုင် စိစစ်ကြဖို့ သတိပေး ပြောဆိုခဲ့တဲ့ သူကတော့ ခြေထောက်တွေ ပြန်ကောင်းဖို့ ဆက်လေ့ကျင့် ရအုံးမယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly