ဖားကန့်ဒေသ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများ ကျောင်းဆောက်ရန် အလှူငွေမထည့်လျှင် ဆန္ဒပြခံရဖွယ်ရှိ

ဖားကန့်ဒေသ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများ ကျောင်းဆောက်ရန် အလှူငွေမထည့်လျှင် ဆန္ဒပြခံရဖွယ်ရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ။           ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆွတ်အောင်ရွာ အနီးပတ်ဝန်းကျင်ရှိ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ များအား မူလတန်းကျောင်းဆောက်ရန် အလှူငွေမထည့်ပါက   မြေသယ်ကားများ ဖြတ်သန်းမရအောင် လမ်းပိတ်ဆန္ဒပြခံရမည်ဟု ကုမ္ပဏီတစ်ခုက ပြောကြားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်နှင့် ၃၀ ရက်တွင် ဆွတ်အောင်ကျေးရွာအုပ်ချုပ်ရေးမှူးက ကုမ္ပဏီကြီး ၄ ခုအား အစည်းအဝေးခေါ်၍ သိန်း ၁၂၀၀ ကျပ်ကုန်ကျမည့် မူလတန်းကျောင်း ဆောက်လုပ်ရန် အလှူငွေထည့်ရမည်ဟုပြောကြောင်း အစည်းအဝေးတက်ခဲ့သည့် ကုမ္ပဏီတစ်ခုမှ တာဝန်မှူးတစ်ဦးက မဇ္ဈိမသို့ပြောကြားသည်။

''သူတို့က ကုမ္ပဏီကိုလူလွှတ်ပြီး ခေါ်လို့ ကျွန်တော်သွားတက်တယ်။ မူလတန်းကျောင်းဆောက်ဖို့ ငွေထည့်ရမယ်ပြောတယ်။ မထည့်ရင် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီက စွန့်ပစ် မြေဇာသယ်ယာဉ်တွေ ရွာထဲဖြတ်မမောင်းနိုင်အောင် ဒေသခံတွေလမ်းပိတ်ပြီး ဆန္ဒပြမယ်ပြောတယ်။" ဟု ၎င်းက ဆိုသည်။

ဆွတ်အောင်ကျေးရွာ ဥက္ကဋ္ဌ ဦးဌေးလင်းက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်နှင့် ၃၀ ရက်တွင် မြန်မာသူရ၊ မြန်မာဂုဏ်ရည်၊ ရာဇဌာနီ၊ ထွန်းတောက်ဇမ္ဗူ စသည့်ကုမ္ပဏီ ၄ ခုအား အစည်းအဝေး ခေါ်ခဲ့သည်မှာမှန်ပြီး ယခုလ ၁၅ ရက်က တစ်ကြိမ်ထပ်ခေါ်ကြောင်း မဇ္ဈိမသို့ ဆက်သွယ်ပြောကြားသည်။

''၁၅ ရက်နေ့က မနေ့ကပေါ့ အစည်းအဝေးထပ်ခေါ်တယ်။ ကျေးရွာနဲ့သဟဇာတဖြစ်တဲ့ ကုမ္ပဏီ ၄ ခု အစည်းအဝေးခေါ်တယ်။ ကျွန်တော်တို့လုပ်ထားတဲ့ Plan ချပြတယ်။ ရာဇဌာနီကုမ္ပဏီကလည်း Plan ချပြတယ်။ ကျေးရွာရပ်မိရပ်ဖနဲ့ အဖွဲ့အစည်းတွေ အားလုံးရှေ့မှာ သိန်း၁၂၀၀ ကုန်ကျမယ် တခြား မိတ်ဖက်ကုမ္ပဏီလေးတွေကလည်း အကူအညီတောင်းပေးဖို့ အတည်ပြုပါတယ်။ ကျေးရွာက သိန်း ၂၀၀ မတည်တယ်။ နောက်ထပ်မိတ်ဖက်ကုမ္ပဏီလေးတွေကိုလည်း အလှူခံသွားဖို့ရှိပါတယ်။'' ဟု ၎င်းက ပြောသည်။

အဆိုပါကျောင်းအား ဖားကန့်မြို့နယ်၊ ဆွတ်အောင်ရွာ ယခင် မူလတန်းကျောင်းနေရာတွင် ဖေဖော်ဝါရီလ၌ စတင်တည်ဆောက်မည်ဖြစ်သည်။

ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများသည် လုပ်ကွက်ရှိသည့် ဒေသခံရွာတွင် ကျောင်းဆောက် ပေးခြင်း၊ ရေကန်တူးပေးခြင်းများ ပြုလုပ်ပေးလေ့ရှိပြီး ယခုမူတန်းကျောင်းဆောက်လုပ်ရန် အလှူခံ သည်ဆိုလျှင် ကုမ္ပဏီသို့ ကိုယ်တိုင်သွားရောက်ကာ အလှူခံသင့်ကြောင်း၊ အမိန့်နှင့်ခိုင်းသည်ဆိုလျှင် မည်သူ မည်သည့်အဖွဲ့ မည်သည့်ဌာနက ထုတ်သည့်အမိန့် ဆိုသည်ကို စာထုတ်ပြန်သင့်ကြောင်း ဆွတ်အောင်ရွာ အနီး ကရင်ချောင်မှော်တွင် ဆယ်နှစ်ကျော်နေထိုင်လာသည့် ဦးလှအောင်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required