ဖားကန့်တွင် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ပြန်ပေးဆွဲခံရ

By အဂမ် (မဇ္ဈိမ)
15 June 2023
ဖားကန့်တွင် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ပြန်ပေးဆွဲခံရ
ဓာတ်ပုံ - ပြန်ပေးဆွဲခံရသည့် မြို့မလက်ဖက်ရည်ပိုင်ရှင် ဦးသိန်းလွင်၏ပုံ

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တဦး ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းက ပြန်ပေးဆွဲခံရကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

ဖားကန့်မြို့၊  ဥရုရတနာကျောက်စိမ်းတောင်တံတားအနီးရှိ မြို့မလက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင် သည် ညနေ ၄ နာရီခန့်တွင် ဆံပင်ညှပ်ရန် နေအိမ်မှထွက်ခွာခဲ့ပြီးနောက်  ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများက အတည်ပြုသည်။

“ဇွန်လ ၁၃ ရက်နေ့ ည ၇ နာရီလောက်က ဖုန်းဆက်လာတယ်။ ပိုက်ဆံသိန်း ၃၀၀ နဲ့ ရွှေ ၁၀ သားယူပြီး ဆိုင်းတောင်-ယူမာကားလမ်းအတိုင်းလာခဲ့ဖို့ ဖုန်းဆက်လာတယ်” ဟု မိသားစုဝင်များနှင့် နီးစပ်သူတဦးက ပြောသည်။

ဦးသိန်းလွင်သည် ဖားကန့်မြို့၏ မြို့မျက်နှာဖုံးစာရင်းတွင်ပါဝင်ပြီး ဖားကန့်သံဘောင်တံတားတဘက် ခြမ်းရှိ လူအထိုင်များသော မြို့မလက်ဖက်ရည်ဆိုင်ပိုင်ရှင်ဖြစ်ကြောင်း သိရသည်။

ပြန်ပေးဆွဲသူများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံခဲ့ရနောက် ယနေ့ ဇွန်လ ၁၅ ရက်နေ့အထိ ထပ်မံ အဆက်သွယ်မရရှိသေး၍ ဦးသိန်းလွင်၏ အသက်အန္တရာယ်ထိခိုက်မည်ကို မိသားစုဝင်များက စိုးရိမ်နေ ကြကြောင်း နီးစပ်သူများကဆိုသည်။

ဖားကန့်မြို့တွင် ဓားပြမှု၊ လူသတ်မှုများလည်းဖြစ်လေ့ရှိပြီး ယခုပြန်ပေးဆွဲမှုသည် ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required