ဒုတိယဗိုလ်မှူကြီးအသတ်ခံရသည့် ဖားကန့်မှ KTV ရှေ့တွင် စစ်ကောင်စီတပ်က အလောင်းနှစ်လောင်း လာချသွား

By မဇ္ဈိမ 
25 April 2023
ဒုတိယဗိုလ်မှူကြီးအသတ်ခံရသည့် ဖားကန့်မှ KTV ရှေ့တွင် စစ်ကောင်စီတပ်က အလောင်းနှစ်လောင်း လာချသွား

စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူကြီး ပစ်သတ်ခံရသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့မှ KTV ရှေ့တွင် ပစ်ခတ်သတ်ဖြတ်ထားသော အလောင်းနှစ်လောင်းကို စစ်ကောင်စီတပ်က လာချသွားကြောင်း ဒေသခံသတင်းရင်းမြစ် များထံမှ စုံစမ်းသိရှိရသည်။

ဒုတိယဗိုလ်မှူကြီးအဆင့်ရှိသူ စစ်တပ်အရာရှိတစ်ဦးအပါအဝင် ဒေသခံလုပ်ငန်းရှင်နှစ်ဦး ပစ်ခတ်သတ် ဖြတ်ခံခဲ့ရသည့် ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်က Happy KTV ရှေ့တွင် ဧပြီလ ၂၄ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က အမျိုးသားနှစ်ဦး၏အလောင်းကို စစ်ကောင်စီတပ်က လာချသွားခြင်းဖြစ်သည်။

သေဆုံးသူအမျိုးသားနှစ်ဦးသည် ဦးခေါင်းတွင်သေနတ်ဒဏ်ရာဖြင့်သေဆုံးခြင်းဖြစ်ပြီး စစ်ကောင်စီမှ လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ဖားကန့်ဒေသခံသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

“သူတို့(စကစ)ကတော့ နှစ်ယောက်လုံး KPDF အဖွဲ့ကလို့ပြောတယ်။ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ အလောင်းတွေကို ဘယ်အချိန်လာပစ်ချသွားလဲမသိဘူး နှစ်ယောက်စလုံး ဦးခေါင်းပွင့်ဒဏ်ရာနဲ့ သေနေ ပြီ။ ဒီအလောင်းနှစ်လောင်းလုံးက သူတို့ပြောသလို မနေ့ကဖြစ်ရပ်မှာပါနေတာဆိုရင် မနေ့ကတည်းက ကျနော်တို့တွေ အလောင်းရနေရမှာလေ။ အခု ဒီနေ့မှ အလောင်းက ဒီအရှေ့မှာပြန်တွေ့တာဆိုတော့ ဒါက မကျေနပ်လို့ လက်တုံ့ပြန်လိုက်တာပဲ” ဟု အမည်မဖော်လိုသည့်သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ပစ်သတ်သွားသည့် လူငယ်နှစ်ဦးအနက်တစ်ဦးမှာ ကိုအောင်ကြည်မင်း(ခ)ဆိုင်ကလုံး (အသက် ၂၅ နှစ်)ဖြစ်ပြီး ကျန်တစ်ဦးကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကိုအောင်ကြည်မင်းမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၁၂ နာရီခန့်တွင် လုံးခင်းကျေးရွာဘက်မှပြန်လာစဉ် မဇွပ်ယန်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့်တွေ့ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူဖြစ်ကြောင်း အလောင်းကို မျက်မြင်တွေ့ခဲ့သည့် ဒေသခံတစ်ဦးက အတည်ပြုပြောကြားသည်။

ဧပြီလ ၂၃ ရက်နေ့က Happy KTV တွင်ပျော်ပါးနေသည့် ခလရ(၇၆)မှ ဒုတိယဗိုလ်မှူးကြီးဇော်မောင်၊ ကျောက်စိမ်းလုပ်ငန်းရှင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို အမည်မသိလူတစ်စုကပစ်သတ်ခဲ့ ပြီးနောက် စစ်ကောင်စီဘက်ကလက်တုံ့ပြန်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကသုံးသပ်ပြောဆိုကြသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်က ယခုကဲ့သို့ လက်တုံ့ပြန်သည့်လုပ်ရပ်မျိုး မကြာခဏပြုလုပ်လေ့ရှိပြီး စဗျစ်ခူးကျေးရွာအနီး၌ စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲခံရသဖြင့် အထိနာခဲ့သောကြောင့် ရွာသား ၁၀၀ နီး ပါးကို ဖမ်းဆီးမှုများရှိခဲ့သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly