စစ်အုပ်စုအပေါ် ခရီးသွားလာခွင့် ပိတ်ပင်ချက်များ နယူးဇီလန် ထပ်မံချမှတ်

စစ်အုပ်စုအပေါ် ခရီးသွားလာခွင့် ပိတ်ပင်ချက်များ နယူးဇီလန် ထပ်မံချမှတ်

ဖေဖေါ်ဝါရီ ၁

မြန်မာစစ်အာဏာသိမ်းမှုနှင့် ဆက်နွယ်ပတ်သက်သည့် လူပုဂ္ဂိုလ်များအပေါ် ခရီးသွားလာခွင့် ပိတ်ပင်ချက်များ ထပ်မံချမှတ်ကြောင်း နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး နာနိုင်ယာ မာဟူတာက ဖေဖေါ်ဝါရီ ၁ ရက်တွင် ကြေညာခဲ့သည်။

“နယူးဇီလန်အနေနဲ့ မြန်မာစစ်အာဏာသိမ်းမှုနဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေအပေါ် ပြတ်ပြတ်သားသား ဆက်လက်ပြစ်တင်ရှုတ်ချတယ်” ဟု မာဟူတာက ပြောသည်။

“စစ်အုပ်စုလက်အောက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဖြစ်ပွားနေဆဲ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်တွေအပေါ် ခရီးသွားလာခွင့် ပိတ်ပင်ချက်တွေ မိမိတို့ ထပ်မံ ချမှတ်လိုက်ပါတယ်၊ ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်အောက်မှာ လုပ်ဆောင်ရမယ့် တာဝန်ဝတ္တရားတွေကို စစ်ကောင်စီဘက်က အပြည့်အဝ ဖော်ဆောင်လိုခြင်း ရှိမနေတဲ့အပေါ် မိမိတို့ အင်မတန် စိတ်ပျက်မိတယ်” ဟု ၎င်းက ပြောခဲ့သည်။

“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအားလုံး ချက်ချင်း ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအရ အရင်းခံတဲ့ စွဲချက်တွေနဲ့ ဆက်လက်ရင်ဆိုင်နေရတဲ့ အခြားလူဂ္ဂိုလ်တွေ အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့ မိမိတို့ ဆက်လက် တောင်းဆိုတယ်” ဟု နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

“မြန်မာနိုင်ငံမှာ အရပ်ဘက်အုပ်ချုပ်ရေးဆီ ပြန်သွားဖို့ မိမိတို့ တောင်းဆိုပါတယ်၊ နောက်ပြီး ပြစ်ဒဏ်ခတ်မခံရမှုကို အဆုံးသတ်စေဖို့ မိမိတို့အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဆက်လက်နီးနီးကပ်ကပ် လုပ်ဆောင်သွားမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်လို့ ခိုင်မာပြီး ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်းတစ်ခုကိုလည်း ထောက်ခံပါတယ်” ဟု မာဟူတာက ပြောခဲ့သည်။

ယခု နယူးဇီလန်က ထပ်မံချမှတ်သည့် ခရီးသွားလာခွင့်ပိတ်ပင်ချက်သစ်သည် စစ်ကောင်စီခန့် ဝန်ကြီးများ၊ ကောင်စီဝင်များအပါအဝင် လူပုဂ္ဂိုလ် ၁၆ ဦး ကို ချမှတ်ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့မှာ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဦးစိုင်းလုံးဆိုင် ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊  ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းတို့ ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly