လွတ်လပ်ရေးနေ့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးမည့် အနေအထား နည်းပါး

လွတ်လပ်ရေးနေ့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးမည့် အနေအထား နည်းပါး
ပုံစာ- ရန်ကုန် အင်းစိန်ထောင်ရှေ့ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့် မျှော်လင့်ချက်ဖြင့် လာရောက်စောင့်ဆိုင်းသည့် မိသားစုဝင်များ။ (ဓာတ်ပုံ- ဂန္ဒမာ)

ဇန်နဝါရီ ၄

လွတ်လပ်ရေးနေ့တွင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးနိုင်သည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်တွင် ယနေ့ နံနက် ၁၀ နာရီထိုးသည်အထိ လွှတ်ပေးမည့် အရိပ်အရောင်များ မတွေ့ရဘဲ အကျဉ်းဦးစီး ဝန်ထမ်းများကလည်း လွှတ်ပေးမည့်သူ မရှိနိုင်ဟု ခန့်မှန်းပြောဆို နေကြသည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြရာတွင် ပါဝင်၍ ဖမ်းဆီးထောင်ချ ခံခဲ့ရသည့် နာမည်ကျော် အနုပညာရှင်များနှင့် လူမှုကွန်ရက်တွင် လူသိများသူများကို ထောင်တွင်း တရားရုံးများက အပြီးသတ် ပြစ်ဒဏ်များ ချမှတ်နေခြင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်အတွက် ဖြစ်နိုင်သည်ဟု ခန့်မှန်းပြောဆိုမှုများ ထွက်ပေါ်ခဲ့သော်လည်း ယနေ့ ကျရာက်သော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ထောင်ရှေ့တွင် တိတ်ဆိတ် နေသည်။

နံနက်ပိုင်းကပင် အင်းစိန်ထောင်ရှေ့တွင် လူများရှင်းလင်းနေပြီး လာရောက်စောင့်ဆိုင်းသူ အချို့မှာလည်း လူရှင်းလင်းနေသည့်အတွက် ထောင်အရှေ့ဘက်သို့ပင် မသွားရဲဘဲ ဖြစ်နေကြသည်။

ထောင်ဝန်ထမ်းများကို သွားရောက် မေးမြန်းသူ တစ်ဉီးက '' အိမ်မှာပဲ တီဗီလေးကြည့်ပြီး ပြန်အိပ်နေလိုက်လို့ ပြောတယ်။ လွှတ်မှာ မဟုတ်ဘူးတဲ့၊ သူတို့ကိုလည်း ဘာအစီအစဉ်မှ ပြောထားတာ မရှိဘူး၊ အတွင်းထဲမှာလည်း ပုံမှန်နေ့ အတိုင်းပဲတဲ့'' ဟု ပြောပြသည်။

အင်းစိန်ထောင် အတွင်းမှ ဝန်ထမ်းတစ်ဦးကလည်း အပြင်တွင် စောင့်ဆိုင်းနေသူများထံသို့ လာရောက်၍ ယနေ့ လွှတ်ရန် အစီအစဉ်မရှိနိုင်ကြောင်း ပြောနေသည်ကိုလည်း တွေ့ရသည်။

ထောင်ကျခံနေရသူများ၏ မိသားစုဝင် အချို့ကမူ ပြည်ထောင်စုနေ့တွင် လွှတ်ပေးနိုင်သည်ဟု ဆက်လက် မျှော်လင့်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly