NUG အစိုးရ ကျန်းမာရေး ဒုဝန်ကြီး နေအိမ်နှင့် ပဲခူးတိုင်း NLD လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၏ အိမ်ကို စစ်တပ်က ချိပ်ပိတ်

NUG အစိုးရ ကျန်းမာရေး ဒုဝန်ကြီး နေအိမ်နှင့် ပဲခူးတိုင်း NLD လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၏ အိမ်ကို စစ်တပ်က ချိပ်ပိတ်

ဒီဇင်ဘာ ၈

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်ရွှေပုံ၏ နေအိမ်နှင့် ပဲခူးတိုင်း NLD လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၏ နေအိမ်ကို ယမန်နေ့ ဒီဇင်ဘာလ ၇ ရက်တွင် စစ်ကောင်စီက ချိပ်ပိတ်သွားကြောင်း ဒေသခံများထံက သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အုတ်ဖိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်း၏ နေအိမ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသူရအောင်တို့၏ နေအိမ်လည်း ယမန်နေ့က ချိပ်ပိတ်ခံခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။

ပဲခူးမြို့ ၊ ရှင်စောပုရပ်ကွက် ၃၃ လမ်းရှိ ဒုဝန်ကြီး ဒေါက်တာဒေါ်ရွှေပုံ၏ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ခြင်းကြောင့် ဝန်ကြီး၏ အသက် ၉၂ အရွယ် မိခင်ဖြစ်သူနှင့် မောင်ဖြစ်သူ အသက် ၆၅ နှစ်တို့   နှစ်ဦး နေရာပြောင်းရွေ့လိုက်ရသည်ဟု အိမ်ပြောင်းရွှေ့မှုကို လိုက်ပါကူညီပေးခဲ့သည့် ဒေသခံက ပြောသည်။  

“မနက်ပိုင်းလာပြီး စစ်သားနဲ့ ရဲတွေ အိမ်ကို ချိပ်ပိတ်သွားတာ။ အဘွား (ဒေါ်ရွှေပုံ၏ မိခင်)က အသက် ၉၀ ကျော်ပြီ။ လမ်းမလျှောက်နိုင်ဘူး။ အောက်စီဂျင်ပိုက်နဲ့ နေရတာ။ ပြောင်းရတော့ ပရဟိတ အသင်း ကားနဲ့ ပြောင်းရွှေ့ပေးလိုက်တယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

မေလအတွင်း ဖြစ်ခဲ့သည့် အုတ်ဖိုမြို့ စာသင်ကျောင်းရှေ့ ဗုံးပေါက်ကွဲမှုတွင် ဦးဇော်မင်းနှင့် ၎င်း၏ သမက်ဖြစ်သူ ကိုနိုင်လင်းတို့က  ခိုင်းစေသည်ဆိုကာ စစ်ကောင်စီက လာရောက်ဖမ်းဆီးရာ မတွေ့ရှိသောကြောင့် ဦးဇော်မင်း၏ သမီးဖြစ်သူ မနန်းထက်ဇော်ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားရာ ယနေ့အထိ လွှတ်ပေးခြင်း မရှိ သေးပေ။ 

အကြမ်းဖက်စစ်တပ်သည် အာဏာ သိမ်းပြီးနောက်ပိုင်း အများပြည်သူများ၏ နေအိမ်များကို အကြောင်း အမျိုးမျိုးပြကာ ချိပ်ပိတ်ခြင်းများ ပြုလုပ်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required