မန္တလေးတွင် ယာဉ်မောင်းစစ်ကွင်းကို ပုသိမ်ကြီးမြို့နယ်တွင် တည်ဆောက်ရန် ဘဏ္ဍာငွေ တောင်းခံ

မန္တလေးတွင် ယာဉ်မောင်းစစ်ကွင်းကို ပုသိမ်ကြီးမြို့နယ်တွင် တည်ဆောက်ရန် ဘဏ္ဍာငွေ တောင်းခံ

မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ယာဉ်မောင်းစစ်ကွင်းကို ပုသိမ်ကြီးမြို့နယ်၊ မန်းကျီးပင်ဆောက် ကျေးရွာတွင် တည်ဆောက်ရန် မြေနေရာရထားပြီးဖြစ်ရာ ၂၀၁၆/၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက် ချထားပေးရန် တင်ပြထားသည်ဟု မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေလင်း က မဇ္ဈိမ ကိုပြောသည်။

အဆိုပါ ယာဉ်မောင်းစစ်ကွင်း တည်ဆောက်ရန် မြေနေရာကို ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ မြေအကျယ် ၁၂၀၀×၁၀၀ ပေကို ၂၀၁၃ ခုနှစ်တွင် ချထားပေးခဲ့ပြီး ခြံစည်းရိုး ကာရံခြင်းကို ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဆောင်ရွက်ထားသည်ဟု ဦးနေလင်းကဆိုသည်။

"ကျွန်တော်တို့လည်း ဘတ်ဂျက်ကျမလာသေးတော့ မလုပ်နိုင်သေးဘူး။ ခြံစည်းရိုးကိုတောင် ကိုယ့်ဌာနက ငွေနဲ့ပဲ လုပ်ထားရတယ်။ လာမယ့် ဘဏ္ဍာရေးနှစ်မှာ ချထားပေးရင်တော့ စပြီး အကောင်အထည် ဖော်ရုံပါပဲ။ လက်ရှိဒီမှာကလည်း လူကျပ်၊ ယာဉ်ကျပ် ဖြစ်နေတယ်။ဒါကြောင့် အဲဒီဘက်ကို ကျယ်ကျယ်ဝန်းဝန်း ရွှေ့ချင်တာပါ"ဟု ဦးနေလင်းက ပြောသည်။

လက်ရှိ အသုံးပြုနေသော သိပ္ပံလမ်းရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ရုံးအတွင်းရှိ ယာဉ်မောင်စစ်ကွင်းသည် ယာဉ်မောင်း လိုင်စင်လာရောက် ဖြေဆိုသူ များနေခြင်းကြောင့် ယာဉ်ကြော ရှုပ်ထွေးခြင်း၊ လူဝင်လူထွက် များနေခြင်းကြောင့် ယာဉ်မောင်းစစ်ကွင်းကို ရွှေ့ပြောင်းရန် စီစဉ်ခြင်း ဖြစ်သည်။

"ဒီမှာ ယာဉ်မောင်းလိုင်စင် ဖြေဆိုတဲ့သူတွေက တစ်နေ့တစ်ခြား များလာတယ်။ အဲဒီလိုကျတော့ လက်ရှိ အနေအထားနဲ့က အဆင်မပြေတော့ဘူး။ ဒီမှာက တစ်ရက်ကို လူ ၆၀၀ လာဖြေနေတယ်။ အဲလို လာဖြေနေကြတော့ ကျွန်တော်တို့ ရုံးရှေ့က သိပ္ပံလမ်းကလည်း နေ့စဉ် ယာဉ်ကြောတွေ ပိတ်နေတယ်။ ကွင်းရွှေ့ပြီးရင်တော့ ယာဉ်ကြော ရှုပ်ထွေးမှု နည်းသွားမှာပါ။"ဟု ဦးနေလင်း ကပြောသည်။

ယာဉ်မောင်းစစ်ကွင်း ပြောင်းရွှေ့ပြီးပါက ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးသင်တန်းများ၊ လက်တွေ့ယာဉ်မောင်း သင်တန်းများ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required