"ကနောင်စစ်ဆင်ရေး" တိုက်ပွဲရုပ်သံဖိုင် NUG-MOD ထုတ်ပြန်

"ကနောင်စစ်ဆင်ရေး" တိုက်ပွဲရုပ်သံဖိုင် NUG-MOD ထုတ်ပြန်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မန္တလေး PDF တို့ ပူးပေါင်းဆင်နွှဲနေသည့် “ ကနောင်စစ်ဆင်ရေး” တိုက်ပွဲရုပ်သံဖိုင်တခုကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်လာသည်။

ထိုစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး တဦးအပါအဝင် ၇၀ ကျော်သေဆုံးခဲ့ကြောင်း NUG လက်အောက်ခံ Mandalay People’s Defence Force ကလည်း စက်တင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါစစ်ဆင်ရေးစတင်သည့် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့ကစပြီး ယခု စက်တင်ဘာလအထိ သုံးလဆက်တိုက် မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ရှမ်းပြည်နယ် နောင်ချိုမြို့နှင့် ပြင်ဦးလွင် -  မိုးကုတ်လမ်းပိုင်းတို့တွင် နှစ်ဖက် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင်လအတွင်း မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ စစ်ကောင်စီ၏ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်(၁၀၁၄) ကို ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်ပြီး ကာကင်းစခန်းတခုကို ဝင်ရောက်စီးနင်းခြင်း၊ စစ်ကူလာသော စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း Mandalay PDF က ထုတ်ပြန်သည်။

ဩဂုတ်လအတွင်း ရှမ်းပြည်နယ်၊ နောင်ချိုမြို့အနီးတနေရာတွင် စစ်ကောင်စီယာဉ်တန်းအား ချုံခိုတိုက်ခိုက်ခြင်း၊ TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်များဆုတ်ခွာရာလမ်းကြောင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ထပ်မံတိုက်ပွဲဖြစ်ပွားခြင်းတို့ ရှိခဲ့ကြောင်း သိရသည်။

ယခု စက်တင်ဘာလအတွင်းတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး ပစ်ကူများစွာဖြင့် တိုက်ခိုက်ပြီး PDF ပူးပေါင်းအဖွဲ့ဘက်မှလည်း ဒရုန်းများဖြင့် တန်ပြန်ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြောင်း မန္တလေး PDF က ဆိုသည်။

စက်တင်ဘာလ ၈ ရက်နေ့ကဖြစ်ပွားခဲ့သည့်  ပြင်ဦးလွင် - မိုးကုတ်လမ်းပိုင်းပေါ်ရှိ တောင်နီကျေးရွာအနီး တာဝါတိုင်ကုန်းတိုက်ပွဲတွင်မူ စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများပြီး စွန့်ခွာထွက်ပြေးသွားသည့်အတွက် တာဝါတိုင်ကုန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း Mandalay PDF ကဆိုထားသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး တဦး၊ အရာရှိ တဦး၊ စစ်ကြောင်းမှူး တဦး၊ ဒု- စစ်ကြောင်းမှူးတဦးအပါအဝင် ၇၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းနိုင်ခဲ့ကာ TNLA နှင့် PDF ပူးပေါင်းအဖွဲ့ဘက်မှ ရဲဘော် နှစ်ဦး ကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

TNLAနှင့် ပူးပေါင်းဆင်နွှဲနေသည့် “ကနောင်စစ်ဆင်ရေး”သည် ပြီးဆုံးခြင်းမရှိသေးဘဲ လက်ရှိတွင်လည်း စစ်ကောင်စီ၏ တပ်မ (၉၉)၊ တပ်မ (၁၀၁) လက်အောက်ခံ (ခလရ ၂၅၂၊ ခလရ ၂၅၇)နှင့် စကခ(၁) လက်အောက်ခံ ခမရ( ၅၀၂ )တို့မှ အင်အား ၄၀၀ ဝန်းကျင်ခန့်နှင့် ထိပ်တိုက်ဆိုင်ထားကာ စစ်ရေးတင်းမာလျက်ရှိကြောင်း Mandalay PDF က အသိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required