ခင်ဦးနယ်တွင် အသတ်ခံရသည့် ဒလန် ၂၂ ဦးအထိရှိလာ

ခင်ဦးနယ်တွင် အသတ်ခံရသည့် ဒလန် ၂၂ ဦးအထိရှိလာ

စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ ခင်ဦးနယ်တွင် စစ်တပ်သတင်းပေးများနှင့် ပျူစောထီးများ အသတ်ခံရသည်မှာ ၂၂ ယောက်ရှိပြီဖြစ်ပြီး တောကြီး‌‌မြွေဟောက်အဖွဲ့ -ခင်ဦး မှရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောကြီးမြွေဟောက် -ခင်ဦး အဖွဲ့က စက်တင်ဘာ ၁၆ရက် မနက်ပိုင်းတွင် ၂၂ယောက်မြောက်အဖြစ် ကျေးရွာများအား နှောက်ယှက်ဖျက်ဆီးနေသူ ကံသစ်ကျေးရွာသားတိုးလှိုင်အား ငရဲပြည်သို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု ကြေညာခဲ့သည်။

“တိုးလှိုင်က စကစ သူကြီး ယောက်ဖဗျ။ သူကနေပြီး ရွာမှာ ဘယ်သူကဘာလုပ်တယ်ဆိုပြီး လှမ်းသတင်းပို့တာလေ။ ဘယ်သူကဘယ်နားရှိတယ်ဆိုတာ လိုက်ထောက်လှမ်းပေးတာပေါ့ဗျ။ ကျုပ်တို့ရွာက သူကြီးနဲ့အတူ ခင်ဦး အနောက်ဘက်ကြောမှာ ရှိတဲ့ ပျူအဖွဲ့တွေနဲ့ လှုပ်ရှားနေတဲ့သူလို့လည်း သိရတယ်လေ” ဟုရွာခံတစ်ဦးက ပြောသည်။

ကိုတိုးလှိုင်သည် ကံသစ်ကျေးရွာ အနောက်ဘက် လယ်မြေပေါ်တွင် မြေဆီကြဲနေစဉ် စက်တင်ဘာ ၁၆ရက် နံနက် ၉ နာရီ အချိန်ခန့်တွင် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည။

ထိုရွာတွင် စက်တင်ဘာလ ၁၁ ရက်က စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသော ကိုထွန်းမြင့်နိုင်အား သတင်းပေးဖမ်းဆီးစေသူမှာလည်း ကိုတိုးလှိုင်ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ခင်ဦးမြို့နယ် လက်ပံကြီး ကျေးရွာသား ကိုဖိုးချောမှာ ၂၁ယောက်မြောက် အသတ်ခံရသူဖြစ်ကြောင်း သိရသည်။

“ကိုဖိုး‌ချောက သူကိုယ်တိုင် အခြားမြို့နယ်က လက်နက်ရောင်းသူတွေနဲ့ ချိတ်ပြီး ဝယ်ပေးနေတာဗျ။ သူကငွေကြေးတက်နိုင်ပြီး နှံ့နှံ့စပ်စပ် ရောက်ဖူးတော့ အဆက်အသွယ်တွေနဲ့ ဝယ်ပေးတာဗျ။ ပျူစောထီးတွေကသတ်ခံနေရတော့ လက်နက်ရှိအောင်ဆိုပြီး သူကိုယ်တိုင်ရှာပေးတာလေ” ဟုဒေသခံက ပြောသည်။

၎င်း၏ရုပ်အလောင်းအား ခင်ဦးနှင့် ရွှေဘို နယ်အစပ် လယ်ကန်သင်း(ဒေသအခေါ် မူးဘောင်)ပေါ်တွင် ယမန်နေ့စက်တင်ဘာ ၁၆ ရက် မွန်းလွဲ၂နာရီ၄၅မိနစ်အချိန်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု ဒေသခံကဆိုသည်။

တောကြီး မြွေဟောက် -ခင်ဦး အဖွဲ့သည် ကြေညာချက် အမှတ်(၁)ကို ထုတ်ပြန်ကာ ဒလန်များ၏ အသက်ကို အာမခံမည် မဟုတ်ဟု ထုတ်ပြန်ခဲ့သော်လည် မသိကျိုးကျွံပြုခဲ့သည့် ဒလန်များအား ဆက်လက်ရှင်းလင်းရခြင်း ဖြစ်သည်ဟု ၎င်းအဖွဲ့က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly