ဘိုကလေးမြို့ ထွေအုပ်ရုံး လစ်လပ် စာရေးနေရာ၌ လျှောက်ထားသူ ၁၀ ဦးရှိ

07 September 2021
ဘိုကလေးမြို့ ထွေအုပ်ရုံး လစ်လပ် စာရေးနေရာ၌ လျှောက်ထားသူ ၁၀ ဦးရှိ

စက်တင်ဘာ ၇

ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ လစ်လပ်စာရေးနေရာအတွက် ယနေ့အထိ လာရောက်လျှောက်ထားသူ ၁၀ ဦးရှိပြီဖြစ်ကြောင်း အမည်မဖော်လိုသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးထံမှ သိရသည်။

အဆိုပါ စာရေးလစ်လပ်ရခြင်းသည် ပြည်သူ့ဝန်ထမ်းစစ်စစ်များက ပြည်သူများဘက် ရပ်တည်၍ CDM ပြုလုပ်သွားခြင်းကြောင့်ဖြစ်ကြောင်း ၎င်းကဆိုသည်။

"ဒီသတင်းကတော့ ကျွန်တော်တို့ PDF အဖွဲ့တွေလည်းကြားပါတယ်။ ဒီလိုအသေးစိတ်တော့ မသိရဘူးပေါ့။ ထွေအုပ်ရုံးက CDM လုပ်သူအရေအတွက်က နည်းပါတယ်။ ဒါပေမဲ့ သူတို့အတွက် ဂုဏ်ယူပါတယ်။ အခုလည်း နေရာနဲ့ အရေအတွက်သိရပြီဆိုတော့ ဒီလိုလူတွေအတွက်ကတော့ ကျွန်တော်တို့က တာဝန်မယူဘူး။ ပြည်သူ့သစ္စာကိုဖောက်တဲ့အပြင်၊ အခွင့်အရေးသမား၊ အချောင်သမားတွေ သူတို့က လူ့လောကအတွက် ပိုအန္တရာယ်ရှိပါတယ်။

ဒါကြောင့် အသစ်ခန့်လို့ ဝင်ရောက်လာမယ့် ဝန်ထမ်းတွေရဲ့ အသက်ကတော့ ကျွန်တော်တို့ အာမ မခံပါဘူး"ဟု အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘိုကလေးမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဘက်မှ လစ်လပ်စာရေးနေရာ လျှောက်ထားရန်အတွက် စက်တင်ဘာ ၁၀ ရက် နောက်ဆုံးထား လျှောက်ထားရန် ကြော်ငြာခဲ့သည်။

လျှောက်ထားသူများအနက် ခြောက်ဦးကို လာမည့်စက်တင်ဘာ ၁၅ ရက်တွင် အတည်ပြုခန့်အပ်မည်ဖြစ်သည်။

ဘိုကလေးမြို့နယ် မြို့မ(၆)ရပ်ကွက်၊ ဘုရားချောင်းကျေးရွာ၊ မလော့ကျေးရွာ၊ ကျွန်းညိုကြီးကျေးရွာ၊ ခနောင်ကျေးရွာနှင့် ရေကျော်တိုးကျေးရွာ နေရာ (၇)ခုတွင် အုပ်ချုပ်ရေးစာရေးများ လစ်လပ်လျက်ရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly