အများပြံုးပျော်တဲ့ တံတားခုံးကျော်

အများပြံုးပျော်တဲ့ တံတားခုံးကျော်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရန်ကုန်ရဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဘယ်လို ဖြေရှင်းပေးမလဲလို့ လွှတ်တော်ကိုယ်စာလှယ် တစ်ယောက်က မေးခွန်းထုတ်တဲ့သတင်း မောင်မှန် ဖတ်ရတယ်။ မောင်မှန်သာ ဖြေခွင့်ရမယ်ဆိုရင်တော့ ဘယ်လို ဖြေရှင်းမလဲ။ ရန်ကုန်မြို့မှာ နောက်ထပ် ခုံးကျော်တံတား တစ်ရာလောက် ထပ်ဆောက်ပစ်လိုက်မှာပေါ့လို့ ဖြေပစ်လိုက်မှာ။ ဟုတ်တယ်လေ ဒီလောက်ကြပ်နေတဲ့ကားတွေ ခုံးကျော်တွေ ဆောက်လိုက်မှပဲ ပြေလည်တော့မပေါ့၊

အခုလည်း တာဝန်ရှိသူတွေက ဆောက်နေကြတာပါပဲ။ ဆောက်လိုက်တာမှ ကမန်းကတန်း အလျင်အမြန်ကို ဆောက်ပေးနေကြတာ။ နောက်အစိုးရလက်ထဲ အာဏာမလွဲရသေးချိန်အတွင်းမှာကို အကြိတ်အနယ် ဆောက်နေကြတာ။ မောင်မှန်ကတော့ ကြိုက်ပါတယ်။ မြန်မြန်ပြီးတော့ မြန်မြန်အဆင် ပြေတာပေါ့၊ မောင်မှန်တို့ဘဝတွေ ကားပေါ်မှာတင် မကုန်ဆုံးရတော့ဘူးပေါ့။

အခု တာမွေအဝိုင်း၊ ရှစ်မိုင်လမ်းဆုံ၊ ကုက္ကိုင်းလမ်းဆုံ စတာတွေမှာ ဆောက်နေတယ်။ နောက် ထပ် ချော်တွင်းကုန်းနဲ့ မြောက်ဥက္ကလာအ ဝိုင်းမှာ ဆောက်လတ္တံ့ဦးမယ်လို့လည်း ဗျာဒိတ်ရထားသလို လို ကြားမိတယ်။ သမိုင်းလမ်းဆုံ၊ သုဝဏ္ဏ လမ်းဆုံနဲ့ တာမွေ ဈေးကွေ့လမ်းဆုံတို့မှာပါ ထပ်ဆောက် လိုက်ဦးမယ်ဆိုရင် တကယ်ကို ဂွတ်ရှယ် ပြေလည်သွားမှာပါခင်ဗျာ၊ ခုနေတော့ သည်းခံတော်မူကြ ပေဦးတော့။

အဲသလို အဆင်ပြေသွားမယ်လို့ မောင်မှန်ကသာ ရိုးရိုးရေးနေတာ၊ ဆန်းဆန်းတွေးပြီး ဆန်းဆန်းမေးတဲ့ သူကလည်း ရှိသေးသဗျ။(နောက်ဆုံးပိတ် အိတ်နဲ့လွယ်လို့ ရေးသူကလည်း ရေးသ ဗျာ) ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ကျင်းပတဲ့ ခုံးကျော်တံတားတွေနဲ့ ပတ်သက်တဲ့ သတင်း စာရှင်းလင်းပွဲမှာ သတင်းမီဒီယာတစ်ခုက လက်ရှိ အစိုးရသက်တမ်း လေးနှစ်ကျော်အတွင်း ရန်ကုန်မြို့ ရှိ ခုံးကျော်တံတား ခုနှစ်စင်းအထိ အလျင်အမြန် တည်ဆောက်ခဲ့သည့်အပေါ် ရိုးသားမှု ရှိသည်ဟု အာမခံသလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါကို ရန်ကုန်တိုင်းဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက “ဆောက်ခဲ့တဲ့ ခုံးကျော်တံတားတိုင်းဟာ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်တဲ့ အကြောင်းအရာ ရှိပါတယ်။ လှည်းတန်း ကုန်းကျော်တံတားလည်း ဖြေရှင်းနိုင်ပါတယ်။ ဒီတံတားမရှိရင် ဒီ့ထက်ပိုကြပ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မြို့မှာ ယာဉ်အစီးရေ ငါးသိန်းကျော်အထိ ရှိလာ လို့ပါ။ ဒါကြောင့် ဒီတံတားတွေနဲ့ ပတ်သက်လို့ ရိုးသားမှု ရှိတယ်လို့ အာမခံရဲပါတယ်” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဟုတ်တယ်လေ ဘာမရိုးသားစရာ ရှိသလဲ၊ ကားတွေများတယ်၊ လမ်းတွေမရှိဘူး၊ ယာဉ်ကြော ပိတ်တယ်၊ ဒါကြောင့် တာဝန်ရှိသူတွေက ခုံးကျော်တံတားတွေ ဆောက်ပေးတယ်၊ ဒါကလည်း ကိုယ့်သဘောနဲ့ကိုယ် ထင်တိုင်းကြဲပြီး ဆောက်ခဲ့တာ မဟုတ်ဘူး။ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို တိုင်းဒေသကြီး လွှတ်တော်မှာ တင်ပြ အတည်ပြုပြီးမှ ဆောက်ခဲ့တာ။  ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော်ကနေ ဆုံးဖြတ်ပေးခဲ့တာ ခင်ဗျ၊ ဘတ်ဂျက်ကိစ္စကတော့ မောင်မှန်တို့ ပြည်သူ့ ဘဏ္ဍာပဲပေါ့၊ မောင်မှန်တို့ ဆောင်ထားတဲ့ အခွန်တွေပဲပေါ့၊ လိုအပ်လို့ သုံးတာ ဘာပြောစရာမှ မရှိပါဘူး။ တံတားခုနှစ်စင်း ဆောက်လိုက်တာ ကုန်ကျစရိတ် ကျပ် ၁၃၆ ဘီလီယံကျော် ကျတယ်။ ဘာဖြစ်လဲ၊ အားလုံးကောင်းဖို့ လုပ်တဲ့ဟာကို မောင်မှန်တို့ ပြည်သူတွေ ဘာမှ ပြောစရာ မရှိပါဘူး။

ဒါပေမဲ့ သတင်းတစ်ပုဒ် ဖတ်ရတော့ မောင်မှန် မျက်လုံးပြူးသွားတယ်၊ ဘုရင့်နောင် ခုံးကျော်တံ တားကို တည်ဆောက်ခဲ့တဲ့ FMI ကုမ္ပဏီဟာ တံတားစီမံကိန်းအတွက် ငွေစာရင်းတွေ ပိုပို ထုတ်ယူခဲ့ တဲ့အတွက် နိုင်ငံတော်ကို ပြန်လည်ပေးသွင်းဖို့ ငွေကျပ် ၄၀၂ ဒသမ ၉၅၉ သန်း ရှိသတဲ့။ လှည်းတန်း ခုံးကျော် ဆောက်တဲ့ ရွှေတောင်ကုမ္ပဏီက ၉၃ ဒသမ ၃၈၁ ဘီလီယံ ပိုမို ထုတ်ယူခဲ့သတဲ့။ အဲ့ဒီငွေတွေ ကို ပြန်လည် ပေးသွင်းစေခဲ့ပြီလို့ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြခဲ့တယ် ဆိုတဲ့ သတင်းပါ၊ နောက်တော့ ဆောက်ပြီးတာ နှစ်နှစ်လောက်ရှိပြီဖြစ်တဲ့ ရွှေဂုံတိုင်နဲ့ မြေနီကုန်း ခုံးကျော်တံတားတွေရဲ့ ဆောက်လုပ်စာရင်းတွေကိုလည်း အခုထိ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ် ချုပ်ရုံးက လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်နေတုန်းတဲ့။ ဘယ်အချိန်အခါများမှာမှ စိစစ်ပြီးစီးမယ် မသိဘူး၊ ပြီးတဲ့အခါမှရော နိုင်ငံတော်ကို ဘယ်လောက် ပြန်သွင်းရဦးမယ် မသိဘူး။

ဒီတော့ ဆန်းဆန်း မစဉ်းစားတက်တဲ့ မောင်မှန် ရိုးရိုးပဲ စဉ်းစားကြည့်ပါတယ်။ အရပ်တွေးပဲ တွေးကြည့်တယ် ဆိုပါတော့၊ အလုပ်တစ်ခုအတွက် ငွေတွေ ထုတ်ချင်သလို ကြိုထုတ်၊ အလုပ်ပြီးလို့ နှစ်နှစ်၊ သုံးနှစ်လောက်ကြာမှ  စာရင်းစစ် အဖြေထွက်၊ ငွေဘယ်လောက် ပိုထုတ်ထားတယ်၊ နိုင်ငံတော်ကို ပြန်သွင်းစေ  အမိန့်ချ၊ (ပိုထုတ်ထားတဲ့ငွေက ကုဋေနဲ့ချီတယ်) ပိုထုတ်ထားတဲ့ငွေတွေကို နှစ်ချီပြီး အတိုးမဲ့ သုံးခွင့်ရတယ်ဆိုတာကိုက ဒုလ္လဘ တစ်ပါးပဲ။ အသုံးချတတ်ရင် အသုံးချတတ်သလို ဗမာ့တန်ခိုးနဲ့ နှစ်ဆ တိုးသွားနိုင်တယ်။

ဒါက တရာဝင် စာရင်းဇယားတွေအရ ပြောတာနော်၊ ကျန်တာ တွေ မောင်မှန်တို့ လက်လှမ်းမမှီဘူး၊ ထင်မြင်ချက် ပေးတာပဲရှိမှာ။ လက်ဆုပ်လက်ကိုင် သိပ်မရှိဘူး။ လက်ဆုပ်လက်ကိုင်ရှိတဲ့ ဒီလို ခုံးကျော် ကွက်ကျော် ခွင်ကျော် တံတားဆောက်ခွင့်လေးများ တစ်စင်း လောက်သာရ မောင်မှန်ဘဝ ချမ်းသာရာရပြီး စာတိုပေစလေးတောင် ရေးစရာ လိုတော့မှာ မဟုတ်ပါ ဘူး။ ပြောသာ ပြောရတာပါ၊ ဒီအစိုးရ လက်ထက်မှာတော့ မီမယ် မထင်ပါဘူး၊ နောက်အစိုးရလက် ထက်ပဲ မျှော်ရတော့မှာပါ။ ဒါတောင် နှစ်ထပ်လမ်း ဆောက်မယ်လို့ ၊ မြို့ရှောင်လမ်း ဆောက်မယ်ဆိုတဲ့ အသံတွေလည်း ကြားနေရ တယ်။ နှစ်ထပ်လမ်းတွေ၊ မြို့ရှောင်လမ်းတွေဆိုတော့လည်း ခုံးကျော်တံ တားတွေထက် ပိုရှည်တာပေါ့ခင်ဗျာ၊ ပိုမိုက်တာပေါ့။ ကိုယ့်လက်ထဲ ရောက်ဖို့ပဲ လိုတာပါ။ ဟုတ်ဖူး လား၊ ဒါပေမယ့် နောက်အစိုးရက အရင်အစိုးရနဲ့ ပေါ်လစီချင်း တူချင်မှ တူမှာ၊ ဒါလေးတစ်ခုတော့ ဂရုပြုရလိမ့်မယ် ထင်ပါတယ်။

မောင်မှန်ကြားဖူးတဲ့ ဟာသ ဇာတ်လမ်းတိုလေးတစ်ပုဒ်နဲ့ စာစုကို အဆုံးသတ်လိုက်ချင်ပါ တယ်။ နိုင်ငံနှစ်ခုက ဆောက်လုပ်ရေး ဝန်ကြီးနှစ်ပါး ဆုံမိကြတယ်၊ A နဲ့ B ဆိုပါတော့၊ A က B ကို သူ့နိုင်ငံကို ဖိတ်တယ်။ A ရဲ့ အိမ်က ဖြစ်ကမ်းနဖူးမှာ၊ တော်တော်ကောင်းတယ်၊ B က အိမ်ကြီးက ကောင်းလှချည်လားလို့ ပြောတော့ A က ပြတင်းပေါက်ကနေမြင်ရတဲ့ မြစ်ကူးတံတားကြီး တစ်စင်းကို လက်ညှိုး ထိုးပြတယ်။ နောက်တစ်နှစ်ရောက်ပြန်တော့ A ရဲ့ အိမ်က ပိုကောင်းနေပြန်တယ်၊ B က ပိုကောင်းလာပါလားလို့ ပြောတာ့ A က နောက်ထပ် မြစ်ကူးတံတားကြီး တစ်စင်းကို ထပ်ပြတယ်။ နောက်တစ်နှစ် လည်းဒီအတိုင်းပဲ၊ အိမ်က ပိုကောင်းနေတယ်၊ မြစ်ကူးတံတားကလည်း သုံးစင်းမြောက် ဆောက်ပြီးသွားပါပြီ။

ဒီမှာတင် B ကောင်းကောင်း သဘောပေါက်သွားတယ်။ နောက်တစ်နှစ်လောက် ကြာတော့ B က A ကို သူ့နိုင်ငံကို ပြန်ဖိတ်တယ်။ B ရဲ့အိမ်ကလည်း မြစ်ကမ်းနဖူးပါပဲ၊ A ရောက်လာ တဲ့အချိန်မှာ အတော်ကို အံ့သြဘနန်း ဖြစ်သွားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ B ရဲ့အိမ်က သူ့အိမ် ထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်ပြီး နန်းတော်ကြီးတစ်မျှ ဖြစ်နေလို့ပါပဲ။ A က နန်းတော်ကြီးက ကောင်းလှချည်လားလို့ B ကို ပြောလိုက်တဲ့အခါ ပြတင်းပေါက်ကနေ မြင်ရတဲ့ မြစ်ကြီးကို လက်ညှိုးထိုးပြပါတယ်။ မြစ်ကြီးပေါ်မှာ ဘာတံတားမှ ရှိမနေပါဘူးခင်ဗျာ။

မောင်မှန်တို့ဆီမှာတော့ မြစ်ကူးတံတားအစား ခုံးကျော်တံတားပေါ့လေ၊ ဝန်ကြီးလည်း မဟုတ် ပါဘူး၊ ကုမ္ပဏီတွေပေါ့လေ၊ (ဝန်ကြီးတွေ ဘာတွေတော့ မောင်မှန်လည်း မရေးဝံ့ပါဘူး) တံတားတစ် စင်းပြီးတိုင်း အိမ်က ပိုပိုကောင်းလာတဲ့ ကိစ္စဟာ တံတားဆောက်လို့ တော်သေးတာပေါ့၊ B လို ဘာတံ တားမှ မဆောက်ဘဲ ကိုယ့်အိမ်ကိုယ် နန်းတော်ပြောင်းဆောက်လိုက်တာမျိုးဆို ပိုဆိုးမယ်ထင်ပါတယ်။ ဒါ မောင်မှန်က အကောင်းမြင်ကြည့်တာပါ၊ ဘာမှမရှိတာထက်စာရင် ခုံးကျော်လည်း နည်းနည်းရှိတာ ပိုကောင်းတာပေါ့ ဟုတ်ဖူးလား၊ ဒါမှလည်း အများပြုံးပျော်တဲ့ တံတားခုံးကျော်တွေ ဖြစ်မှာပေါ့၊ မယားပြုံးပျော်တဲ့ တံတားခုံးကျော်တွေချည်းဆို ဘယ်နိပ်ပါ့မလဲခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required