မုံးကိုးတွင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် အကြိမ် ၆၀၀ခန့် ပစ်ခတ်ပြီး လူအင်အားများစွာဖြင့် ထိုးစစ်ဆင်နေ

မုံးကိုးတွင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် အကြိမ် ၆၀၀ခန့် ပစ်ခတ်ပြီး လူအင်အားများစွာဖြင့် ထိုးစစ်ဆင်နေ
Photo - The Kokang

တိုက်ပွဲများပြင်းထန်နေသည့် မုံးကိုးခရိုင်တွင် စစ်ကောင်စီကလက်နက်ကြီးဖြင့် အကြိမ် ၆၀၀ခန့် ပစ်ခတ်ပြီး လူအင်အားများစွာဖြင့် MNDAA ကို  ထိုးစစ်ဆင်နေကြောင်း ကိုးကန့်သတင်းတွင် ဖော်ပြထားသည်။ 

စက်တင်ဘာ ၅ ရက်မနက် ၅ နာရီခန့် ကစ၍ ညနေ ၆ နာရီခွဲခန့် အထိ ကိုးကန့်ဒေသ ဟဲ့ရှန်နှင့် လုံခမ်ဒေသတွင် အခြေချထားသည့် စစ်ကောင်စီအမြောက်တပ်က ဖောင်ဆိုင်ဒေသသို့ လက်နက်ကြီးကျည်ဆန် အလုံး ၆၀၀ ခန့် အသုံးပြုပစ်ခတ်ခဲ့သည်ဟု သိရသည်။ 

ထို့ပြင် လူအင်အား ၂၀၀ ဝန်းကျင်ပါသော စစ်ကြောင်း သုံးကြောင်းနှင့်လည်း ရှိကျိကြတောင်တန်းရှိ MNDAA တပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။ 

ယင်းသို့ ဖြစ်ပွားခဲ့သည့် ခုခံစစ်တွင် MNDAA မှ တစ်ဦးကျဆုံးခဲ့ပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့‌သော်လည်း စစ်ကောင်စီဘက်မှ အကျအဆုံးစာရင်းကိုမူ မသိရသေးကြောင်း The Kokang သတင်းတွင် ဖော်ပြထားသည်။ 

ကိုးကန့်တပ်ဖွဲ့ဖြစ်သည့် မြန်မာ အမျိုးသားဒီမိုက‌ရေစီမဟာမိတ်တပ်မတော် (MNDAA)ကို စစ်ကောင်စီတပ်မှ အမြောက်တပ်၊ မြေပြင်တပ်ကူများအပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး MNDAA မှကောင်းမွန်စွာ ခုခံကာကွယ်နိုင်ခဲ့ကြောင်းလည်းဆိုသည်။ 

စစ်ကောင်စီတပ်သည် ဖောင်းဆိုင်ဒေသတွင် အင်အားအလုံးအရင်း စုဆောင်းထားပြီး MNDAAကို  လက်နက်ကြီးများနှင့် အချက်ရာပေါင်းများစွာ ပစ်ကူတိုက်ခိုက်ခဲ့‌ခြင်းဖြစ်သည်။ 

စက်တင်ဘာ ၄ ရက် ကတည်းက ဒရုန်းများနှင့်ထောက်လှမ်းခဲ့ပြီး စစ်အင်အားများဖြည့်တင်းနေခဲ့ခြင်းက MNDAAကို ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်ရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်းကိုလည်း ကိုးကန့်သတင်းတွင်ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required