ကောက်လည်းကောက်၊ ကောင်းလည်းကောင်း

ကောက်လည်းကောက်၊ ကောင်းလည်းကောင်း

မောင်မှန်တို့ ငယ်ငယ်တုန်းက ကျွပ်ကျွပ်အိတ်ဆိုတာ မပေါ်သေးဘူး၊ ပလပ်စတစ်အိတ်တွေပဲ ရှိတယ်။ ပလပ်စတစ်အိတ်ဆိုတာတောင် သိပ်ကြီးကြီးမားမား (အခု ကျွပ်ကျွပ်အိတ် အကြီးစားတွေ လောက်) ရှိတာ မဟုတ်ဘူး။ ခပ်သေးသေးပဲ ရှိတယ်။ ပလပ်စတစ်အိတ် ရှားတာကြောင့် သုံးပြီးသား အိတ်တွေကို ရေဆေးကန်ဆေးပြီး ပြန်သုံးလို့ရအောင် မောင်မှန်တို့အိမ်မှာဆို သိမ်းထားလေ့ ရှိပါတယ်။

တစ်ချို့အိမ်တွေကျတော့လည်း သုံးပြီး ပစ်လိုက်တာပါပဲ။ ပစ်လိုက်ပေမယ့် အမှိုက်ဖြစ်မသွားဘူး။ ပလက်စတစ်ကောက်တဲ့သူဆိုတာ ရှိတယ်။ သူတို့တွေက ပစ်ထားတဲ့ ပလက်စတစ်တွေကို အကြိုအကြား မကျန်ရှာဖွေ ကောက်သိမ်းသွားတာပါပဲ။ ရောင်းစားလို့ ရတယ်လေ။ အဲဒီအချိန်က ကြာဇံကြော်၊ ခေါက်ဆွဲကြော်ဆိုရင် အင်းဖက်နဲ့ထုတ်ပြီး နှီးကြိုးနဲ့ ချည်ပေးတာ၊ အိမ်ရောက်လို့ အထုပ်ဖြည် လိုက်ရင် ခေါက်ဆွဲကြော်ပူပူရဲ့ ဖက်နံ့သင်းသင်းလေးက တအားကို ဆွဲဆောင်မှု ရှိတာ ကလား။ (ခုခေတ် ကျွပ်ကျွပ်အိတ်နဲ့များတော့ ကွာပါ့)။ ဒါက ငယ်ဘဝ အမှတ်တရလေးကို တင်ပြတာပါ။ နဂိုဟာ ပြန်ဆက်ရရင် ပလပ်စတစ်ကောက်သူတွေဟာ နောက်ဖေးလမ်းကြား အိမ်သာကြို အိမ်သာကြားကို ချွေးတစီစီနဲ့ ဝင်ကောက်ကြရ ရှာတာပါ။ တစ်ချို့အိမ်ရှင်တွေဆို သူတို့အိမ်နောက်ကို လုံးဝ အဝင်မခံဘဲ မောင်းထုတ်ကြတယ်။ သူတို့ခမျာ အတော် မျက်နှာငယ်ကြရ ရှာပါတယ်။

မောင်မှန်တို့ အိမ်နားကို အဲသလို ပလပ်စတစ်ကောက်သူတွေလာတိုင်း အဖေက မောင်မှန်ကို ခုလို ဆုံးမစကား ပြောလေ့ရှိပါတယ်။ “ဒီမယ်သား၊ ပညာတက်အောင်သင်၊ စာတက်အောင်သင်၊ အထူးသဖြင့် ခုခေတ်ခုခါမှာ အင်္ဂလိပ်စာ တက်အောင်သင်၊ ဒါမှ ငါ့သား ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ခေတ်ပညာတက်ကြီး ဖြစ်မှာ။ မညာမတက်ရင် ငါ့သား သူတို့လို ပလပ်စတစ်ကောက်ရမယ်၊ အမှိုက် ကောက်ရမယ်”တဲ့။ အဲဒီကတည်းက မောင်မှန်စိတ်ထဲမှာ ပညာမတက်ရင် ပလက်စတစ်ကောက် ရတော့မှာပဲလို့ စွဲမြဲသွားခဲ့တယ်။ အဖေ့စကားကိုလည်း မြေဝယ်မကျ နားထောင်ခဲ့လေတော့ အသက် ကြီး ကြီးလာသည့်တိုင်ကို အမှိုက်မကောက်ရပါဘူး။ ပညာတက်ကြီး၊ အင်္ဂလိပ်စာတက်ကြီး ဖြစ်သွား လို့တော့ မထင်ပါနဲ့ခင်ဗျာ။ ဘာပညာမှ ဟုတ္တိပတ္တိ မတက်သလို အင်္ဂလိပ်စာကိုလည်း အေဘီစီဒီ လောက်ပဲ ဖြစ်တာပါ။ အမှိုက်မကောက်ရခြင်းဟာ မိမွေးဖမွေးလေး အတိုက်အလျောက် ကျန်ခဲ့လို့သာ ဖြစ်ကြောင်းပါ။

နောက်ပြီး သိပ်မကြာသေးခင်က ချမှတ်ခဲ့တဲ့ မောင်မှန် ဆုံးဖြတ်ချက်တစ်ခု (နာမည်နဲ့လိုက် အောင်) မှန်သွားတာကြောင့်လည်း ပါတယ်ခင်ဗျ။ အခု ရွေးကောက်ပွဲကြီး မတိုင်ခင်မှာ မောင်မှန်ကို ပါတီနီ၊ ပါတီစိမ်းတွေက သူတို့ပါတီတွေက ဝင်ရောက် အရွေးခံဖို့ ကမ်းလှမ်းတာ ရှိပေမယ့် မောင်မှန် ဟာ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စာလှယ်အဖြစ်သာ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ပြီး စာရင်းပေးသွင်း ဖို့ နောက်ကျသွားလို့ ဝင်ရောက် မဆင်နွှဲလိုက်ရပါဘူး။ အဲ မောင်မှန်သာ ပါတီနီရဲ့ ကမ်းလှမ်း ချက်ကို လက်ခံလိုက်မယ်ဆိုရင် ခုနေမှာ မောင်မှန်ဟာ အမတ်မင်း မောင်မှန်ပေါ့။ ဝန်ကြီး ဒုဝန်ကြီး စိတ်ကူးမယဉ်နဲ့ဆိုလည်း မောင်မှန်က ယှဉ်မှာပဲ။ ပိုက်ဆံပေးရတာလိုက်လို့ အဲဒီနေရာတွေက သုံးထပ် ကွမ်း အကယ်ဒမီရမှ စိတ်ချရတာတဲ့။ ပြောကြတာပဲ။ သုံးထပ်ကွမ်းဆိုတာ ရွေးကောက်ပွဲ သုံးခါနိုင် (၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅) ကို ဆိုလိုတာပါ။ ထားပါတော့။ စကားတွေ ဘေးရောက်ကုန်ပါပြီ။ မောင်မှန်ရဲ့ မှန်ကန်သော ဆုံးဖြတ်ချက်က ပါတီနီကနေဝင်ပြီး အရွေးမခံတာ။

ကိုယ်စားလှယ်တွေ အကုန်ပါဝင်ပြီးတော့မှ ကျမတို့ အမှိုက်ကောက်ရမယ်။ ကိုယ့်တစ်မြို့နယ် လုံး သန့်ရှင်းသွားအောင် ဘာဖြစ်လို့ ဒီလို အမှိုက်ကောက်ခိုင်းလည်းဆိုရင် ပြည်သူလူထုလုပ်တဲ့ အလုပ်မျိုးကို ကိုယ်စားလှယ်ကလည်း လုပ်နိုင်ရမယ်။ ပြည်သူလူထုလုပ်တဲ့ အလုပ် ကိုယ်စားလှယ် ဦးဆောင်ပြီးတော့မှ အမှိုက်တွေကောက်ရမယ်။ အဲဒါကိုလည်း ညွှန်ကြားချက်နဲ့ လာမယ်လို့ ပြောပါ တယ်တဲ့။ ဒါက ဒဂုံမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်ရဲ့ အပြောပါ။ ပေါင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စာလှယ် ဒေါ်မိကွန်ချမ်းက “မြို့နယ်အလိုက်၊ ပြည်နယ်အ လိုက် အကုန်လုံးက အမှိုက်တွေကို ကောက်ရမှာပေါ့။ ကောက်ရမယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် က ဒါကို သူ့ရဲ့ လုပ်ပုံကိုင်နည်းိကု ချပြမယ်။ ချပြမယ်ဆိုတော့ နောက်နှစ်ပတ်၊ သုံးပတ်အတွင်းမှာ လုပ်ရမယ်ပေါ့။ အဲဒီမှာ ဘယ်နှစ်ရက် လုပ်ရမလဲတော့ မသိဘူး။ ကိုယ့်မြို့နယ်အတွင်းမှာဆိုရင် ကိုယ်စားလှယ်လေးယောက်စလုံးက အတူတကွ လုပ်ရမယ်၊ သန့်ရှင်းရေးပေါ့” လို့ ပြောပါတယ်။

တွေ့လား၊ မောင်မှန်သာ ပါတီနီက အရွေးခံရရင် အထက်ကဆိုခဲ့သလို အမတ်မင်းဖြစ်နေရုံမ က အမှိုက်ပါကောက်ရတော့မှာ၊ မောင်မှန် အမှိုက်မကောက်ချင်ပါဘူး။ ဒါ ရိုးရိုးသားသား ပြောတာ ပါ။ ပြည်သူ့ကို အလုပ်အကျွေးမပြုချင်လို့လည်း မဟုတ်ရပါဘူး။ အခြားနည်းနဲ့ အလုပ်ကျွေးပြုပါရစေ။ မောင်မှန်က နှလုံး အားနည်းပါတယ်။ အနံ့ဆိုးတွေ မခံနိုင်ပါဘူး။ ညစ်တီးညစ်ပက်တွေလည်း မကြည့် နိုင်ပါဘူး။ ရင်ထဲက ပျို့ပျို့တက်လာပါတယ်။ ဒါလည်း ခုမှပြတဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေ ဘာတွေ ဟောနေချိန် ကျွပ်ကျွပ်အိတ်ကောက်တာတို့ သစ်ပင်စိုက်တာတို့ လုပ်ကတည်းက မောင်မှန် ပြောခဲ့ပြီးသားပါခင်ဗျာ။ တော်သေးတာပေါ့၊ အမတ်နီ မဖြစ်လိုက်တာ၊ ဖြစ်များဖြစ်လိုက်ရင် နှလုံးမကောင်းတာတွေ ဘာတွေ အကြောင်းပြလို့ မရဘူး။ အိပ်ရာထဲ လဲနေသူကလွဲလို့ အကုန်လုပ်ရမှာတဲ့ခင်ဗျ။ ခုလို ရှောင်လွှဲလိုက်နိုင်ခြင်းဟာ မောင်မှန်ရဲ့ အင်မတန် ကြီးမား ကျယ်ပြန့်တဲ့ ဉာဏ်အမြှော်အမြင်ကြောင့်ပေပဲလို့ မောင်မှန် ကိုယ့်ကိုယ်ကိုယ် အထပ်ထပ် ချီးမွှမ်း ဂုဏ်ပြုမိကြောင်းပါ ခင်ဗျာ။

နောက်ပြီး အင်္ဂလိပ်စာအရည်အသွေးကလည်း မောင်မှန်မှာ သိပ်ရှိတာမဟုတ်ဘူး။ အထက်မှာ ဆိုခဲ့သလို အေဘီစီဒီလောက်ပဲ သစ်စ အစ်စ အေဘုတ်ခ လောက်တောင် မနည်းအားထုတ်ထား ရတာ၊ သိတော်မူကြတဲ့အတိုင်း အခုခေတ်ကြီးကလည်း အီး ခေတ်ကြီးလေ။ အီးမကောင်းရင် ဘာမှ လုပ်လို့မရဘူး။ (ဦးချိန်တီ အစာကြေဆေးလောက် စားလိုက်ရင် အိုကေသွားမယ် ထင်လို့မရဘူး။) အီးမရှိရင် ဘဝမရှိဘူူး။ အီးမရှိရင် ဘာမှမရှိဘူး။ ဒါကြောင့်မို့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေကြမယ့် အမတ်များဟာ အီးကောင်းဖို့ လိုပါတယ်။ အီးမကောင်းရင်လည်း အီးကောင်းအောင် သင်ယူကြရမယ်။ အီးကောင်းအောင် အားထုတ်ကြရမယ်။ အီးမကောင်းရင် ဟိုဟာဒီဟာတွေ မမျှော်မှန်းနဲ့။ မရနိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ ဆရာတင်မိုးရဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး၊ လူကြီးမင်းများသို့ ကဗျာရှည်ထဲက ကဗျာတစ် ကြောင်းကို ကိုးကားပြီး မောင်မှန် နည်းနည်းပြင်ရေးလိုက်ချင်ပါတယ်။ ဆရာကဗျာက စစ်အားမ ကောင်းရင် ဂျစ်ကားတောင် မမောင်းချင်ဘူးတဲ့။ ဒါကို မောင်မှန်က အီးအားမကောင်းရင် ချီးကား မောင်းရမယ်လို့ လုပ်လိုက်ချင်တာပါခင်ဗျာ။

မောင်မှန်ကတော့ ခုကတည်းက ကားမောင်းသင်နေပါပြီ။ ကိုယ်က အီးအားမှ မကောင်းတာပဲ၊ ခု အသက်ကြီးကြမှတော့ အီးလည်း သင်မနေချင်တော့ပါဘူး။ ခုနေ စသင်ရင် အသက် ၈၀လောက် မှသေချာ တက်မှာဆိုတော့ အိပ်ရာထဲလဲမှ အင်္ဂလိပ်စာ ရမယ့်သဘော ဖြစ်နေတယ်။ ကားမောင်းသင် တာက ပိုလွယ်ပြီး မြန်မြန်တက်ပါတယ်။ အမတ်တွေလည်း (အများစု) အီးသင်ရခတ်နေမယ် ထင်ပါ တယ်။ ဒါဆို ဒီလိုလုပ်ရင် မကောင်းဘူးလား။ အင်္ဂလိပ်များကို တစ်ခါတည်း အမတ်လုပ်ခိုင်းကြရ အောင်၊ တစ်ခုပဲ ၂၀၀၈ ဖွဲ့စည်းပုံကိုတော့ ပြင်ရမှာပေါ့ ခင်ဗျာ။

အမှိုက်ကောက်တာ ကောင်းပါတယ်။ အင်္ဂလိပ်စာတက်တာ ကောင်းပါတယ်။ ကောက်လည်း ကောက်ရပါမယ်။ ကောင်းလည်း ကောင်းရပါမယ်။ ဒါပေမယ့် အမတ်(နိုင်ငံရေးသမား)တစ်ယောက် အဓိကအကျဆုံး လုပ်ရမယ့်တာဝန်ဟာ နိုင်ငံရေးကောင်းဖို့ အားထုတ်ရမှာဖြစ်ကြောင်း မောင်မှန်က တင်ပြလိုကြောင်းပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required