တက်ကြွလှုပ်ရှားသူ အချုပ်ခန်းထဲ သေဆုံးရမှုအတွက် ပါလက်စတိုင်းသမ္မတ နုတ်ထွက်ရေး လူ ရာပေါင်းများစွာ တောင်းဆိုဆန္ဒပြ 

တက်ကြွလှုပ်ရှားသူ အချုပ်ခန်းထဲ သေဆုံးရမှုအတွက် ပါလက်စတိုင်းသမ္မတ နုတ်ထွက်ရေး လူ ရာပေါင်းများစွာ တောင်းဆိုဆန္ဒပြ 
Photo - AFP

ဇူလိုင် ၁၂ 

ပါလက်စတိုင်းမှာ အတိုက်အခံ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ နီဇာဘန်နက် သတ်ဖြတ်ခံရပြီး ရက်အနည်းငယ်အတွင်း ဖြစ်ပွားပေါ်ပေါက်တဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်တွေက ဖိနှိပ်ဖြိုခွင်းတာကို ရှုတ်ချရင်း သမ္မတဖြစ်သူ မာမွတ်အဘတ်စ် နုတ်ထွက်ပေးဖို့ကို ရာမယ်လက်ရှ်မြို့မှာ ဆန္ဒပြသူ ရာပေါင်းများစွာဟာ တောင်းဆိုဆန္ဒပြကြပါတယ်။ 

အသက် ၄၃ နှစ်ရှိ နီဇာဘန်နက်ဟာ ရဲအချုပ်ခန်းထဲ သေဆုံးခဲ့ရာက ဖြစ်ပွားတဲ့ ဆန္ဒပြပွဲတွေကို ရဲတွေက အကြမ်းဖက်နှိမ်နင်းလာတဲ့နောက်မှာ ပါလက်စတိုင်း ဂျာနယ်လစ် ဒါဇင်များစွာကလည်း တနင်္လာနေ့မှာ ရာမယ်လက်ရှ်မြို့က ကုလသမဂ္ဂအဆောက်အအုံ ပြင်ဖက်မှာ သတင်းလွတ်လပ်ခွင့်အတွက် တောင်းဆိုရင်း စုရုံးဆန္ဒပြကြပါတယ်။ 

ပါလက်စတိုင်း အာဏာပိုင်တွေကြားက အကျင့်ပျက်ခြစားမှုတွေကို ရှုတ်ချပြောဆိုတဲ့ လူမှုမီဒီယာ ဗီဒီယိုတွေကြောင့် လူသိများသူ နီဇာဘန်နက်ဟာ သူ့အိမ်ဆီ လုံခြုံရေးတပ်တွေ ဝင်စီးပြီး အတင်းဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် အချိန်ပိုင်းအတွင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ မိသားစုတွေက ပြောပါတယ်။ 

ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ထိပ်တိုက်တွေ့တဲ့ ရက်တွေမှာ ဂျာနယ်လစ် တော်တော်များများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ 

သိမ်းပိုက်ခံ အနောက်ဖက်ကမ်းမှာ စနေ၊ တနင်္ဂနွေက ဆန္ဒပြပွဲတွေမှာ အမျိုးသမီး ငါးဦးအပါအဝင် ပါလက်စတိုင်း ဂျာနယ်လစ် ၁၂ ဦးကို ရဲက ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့တယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က တနင်္လာနေ့မှာ ပြောပါတယ်။ 

မီဒီယာလွတ်လပ်ခွင့်ကို အကာအကွယ်ပေးဖို့ လိုအပ်တာတွေကို ချက်ချင်း အရေးယူဆောင်ရွက်ပေးရန် ပါလက်စတိုင်းသတင်းထောက်တွေက ကုလသမဂ္ဂဆီ စာပို့ထားတယ်လို့ The New Arab မီဒီယာက သတင်းထောက်တစ်ဦးဖြစ်တဲ့ နာအီလာခါလီက ပြောပါတယ်။ 

Ultra Palestine သတင်းဌာနက မိုဟာမတ်ဂါရာဖီဆိုသူ သတင်းထောက်ကလည်း ဆန္ဒပြပွဲတွေကို ဗီဒီယို လိုက်လံရိုက်ကူးနေတာ မရပ်ဘူးဆိုရင် ဖုန်းကို သိမ်းယူမယ်လို့ လုံခြုံရေးတပ်တွေက ခြိမ်းခြောက်တာကြောင့် ကြောင့်ကြပူပန်နေရတယ်လို့ ပြောပါတယ်။ 

နီဇာဘန်နက် သေဆုံးရမှုအတွက် တာဝန်ရှိသူတွေကို အရေးယူသွားမှာ ဖြစ်တယ်ဆိုပြီး ပါလက်စတိုင်း ဝန်ကြီးချုပ် မိုဟာမတ်ရှတဲယာ့ရှ်က ပြောကြောင်း အစိုးရပိုင် WAFA သတင်းဌာနက ဖော်ပြပါတယ်။ 

ရင်ခွဲစစ်ဆေးချက်အရ နီဇာဘန်နက်ဟာ ဦးခေါင်း၊ ရင်ဘတ်၊ လည်ပင်း၊ ခြေထောက်နဲ့ လက်တွေကို ရိုက်နှက်ခံထားရကြောင်း တွေ့ရှိပြီး ဖမ်းဆီးခံရပြီးနောက် တစ်နာရီအတွင်းမှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

နီဇာဘန်နက်ရဲ့ မိသားစုတွေကတော့ အစိုးရ စုံစမ်းစစ်ဆေးချက်ကို ပယ်ချမှာ ဖြစ်ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတစ်ရပ် ဆောင်ရွက်ပေးဖို့ တောင်းဆိုသွားမယ်လို့ တနင်္လာနေ့မှာ ပြောခဲ့ကြပါတယ်။ 

“စုံစမ်းစစ်ဆေးရေး အစိုးရကော်မရှင်တစ်ရပ် ကျွန်တော်တို့ မလိုဘူး၊ ဘာကြောင့်လည်းဆိုတော့ ဒီ ပြစ်မှုရဲ့ လက်သည်တွေဟာ တာဝန်ရှိသူတွေ ကိုယ်တိုင်ဖြစ်တာကြောင့်ပဲ”လို့ နီဇာဘန်နက်ရဲ့ အစ်ကိုဖြစ်သူ ဂါဆန်ဘန်နက်က သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required