လွတ်လပ်၍ ဒီမိုကရေစီထွန်းကားသော ပါလက်စတိုင်းဖြစ်ရန် အိန္ဒိယ ထောက်ခံ

လွတ်လပ်၍ ဒီမိုကရေစီထွန်းကားသော ပါလက်စတိုင်းဖြစ်ရန် အိန္ဒိယ ထောက်ခံ

လွတ်လပ်၍ တိုးတက်ဖွံ့ဖြိုးပြီး ဒီမိုကရေစီထွန်းကားသည့် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကို အိန္ဒိယက ထောက်ခံကြောင်းနှင့် အရှေ့အလယ်ပိုင်းဒေသတွင် ဆယ်စုနှစ်များစွာ ကြာမြင့်ပြီဖြစ်သည့် စစ်ပွဲများကို ရပ်တန့်ကြရန် ဇွန် ၂၄ ရက်က တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အစည်းအဝေးတစ်ခုတွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ပြန်လည်လုပ်ဆောင်ရန် အိန္ဒိယနိုင်ငံက တောင်းဆိုလိုက်ပြီး ဒေသတွင်း ငြိမ်းချမ်းရေး ရရှိစေရန် သီးခြားနိုင်ငံအဖြစ် ထူထောင်သည့်စနစ်မှလွဲ၍ အခြားနည်းလမ်းမရှိကြောင်း ပြောကြားသည်။

အိနိ္ဒယပြည်ပရေးရာ (အနောက်အုပ်စု) ၏ နိုင်ငံခြားရေးဝန်ကြီး ဝီကက်စ်ဆဝါယပ်က သီးခြားနိုင်ငံအဖြစ် ဆွေးနွေးမှု တိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းမှုများကို ထိခိုက်စေမည့် အခြေအနေကို တစ်ဖက်သတ် ပြောင်းလဲခြင်းများကို ရှောင်ရှားရန် လိုကြောင်း ပြောကြားသည်။

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား တိုက်ရိုက်ညှိနှိုင်းဆွေးနွေးရန် လိုအပ်လျှက်ရှိသည်။ ငြိမ်းချမ်းရေးလုပငန်းစဉ်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း၏ စုပေါင်းကတိကဝတ်များ အားကောင်းစေရန် သံတမန်နည်းလမ်းအရ လုပ်ဆောင်မှုအားလုံးကို အိနိ္ဒယက ထောက်ခံသည်ဟု ပြည်ပရေးရာ ဝန်ကြီးက ပြောကြားသည်။

အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့များက ဂါဇာကမ်းမြောင်ဒေသရှိ အရပ်ဖက်အိမ်ယာများကို ဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့ရာ မေ ၂၁ ရက်က သဘောတူညီခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်သည်လည်း ဇွန်၁၆ ရက်တွင် ကျိုးပေါက်ခဲ့သည်။

“ခဏပဲ တည်ငြိမ်မှုရပြီး ဂါဇာမှာ တင်းမာမှုတွေ မြင့်တက်နေပါတယ်။ ဂါဇာကနေ ပစ်လိုက်တဲ့ မီးလောင်ဒုံးကျည်တွေဟာ အစ္စရေးမှာ ရှိတဲ့ အရပ်သားတွေဆီ ထိသွားခဲ့သလို ဂါဇာကို လက်တုံပြန်ပစ်ခတ်မှုကြောင့်လည်း တိုက်ခိုက်မှု သံသရာလည်ပြီး ဒုက္ခတွေ‌ရောက် အသက်သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ရတယ်” ဟု အိန္ဒိယ ပြည်ပရေးရာဝန်ကြီးက ကုလလုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောကြားသည်။

“ပါလက်စတိုင်းက နောက်ဆုံးအခြေအနေတွေဟာ စိုးရိမ်စရာကောင်းသလို အကြမ်းဖက်တိုက်ခိုက်မှု သံသရာ လည်နေပြီး လူအများအပြား ဒုက္ခရောက် သေဆုံးသူတွေ ရှိပါတယ်။ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွေကို အလေးထားဖို့ အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ဖက်ခေါင်းဆောင်တွေကို တိုက်တွန်းပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

ပါလက်စတိုင်းအရပ်သား ပြည်သူများ အထူးသဖြင့် ဂါဇာဒေသတွင် နေထိုင်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်နေကြောင်းကုလသမဂ္ဂဆိုင်ရာအိန္ဒိယ ကိုယ်စားလှယ်က ပြောကြားသည်။

ပါလက်စတိုင်းမှ အဖွဲ့အစည်းများအားလုံးအနေဖြင့် စစ်ဒဏ်သင့်အရပ်သားများ၏ အကျိုးအတွက် အာဏာပိုင်များနှင့် လက်တွဲ ဆောင်ရွက်သင့်ကြောင်းနှင့် ပြည်သူများကို လိုအပ်သည့် ကူညီမှုများပေးရန်လည်း အိန္ဒိယက တိုက်တွန်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required