ဖာဂူဆန်မှာ နည်းပြအားလုံးအတွက် စံပြဖြစ်သည်ဟု ကလော့ပ်ဆို

ဖာဂူဆန်မှာ နည်းပြအားလုံးအတွက် စံပြဖြစ်သည်ဟု ကလော့ပ်ဆို

လီဗာပူးလ်၊ ဒီဇင်ဘာ ၆ ။           ။ လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က မန်ယူအသင်း၏ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်သည် နည်းပြအားလုံးအတွက် စံပြပုဂ္ဂိုလ်ဖြစ်ကြောင်းပြောဆိုလိုက်သည်။

ထို့အပြင် ကလော့ပ်က မန်ယူအသင်းကို ဖာဂူဆန် ကိုင်တွယ်ခဲ့သည့် ၂၇ နှစ်တာကာလအတွင်း ပရီးမီးယားလိဂ်ဖလား ၁၃ လုံး ရယူနိုင်ခဲ့ခြင်းမှ တစ်စုံတစ်ရာ သင်ယူနိုင်ကြောင်း ယုံကြည်လျက်ရှိသည်။

ပြီးခဲ့သည့်အပတ်က ကက်ပီတယ်ဝမ်းပွဲစဉ်တွင် ဆောက်သမ်တန်အသင်းကို လီဗာပူးလ်အသင်းက ၆-၁ ဂိုးဖြင့်အနိုင်ရခဲ့သည့်အတွက် ကလော့ပ်မှာ လိဂ်မန်နေဂျာအစည်းအရုံးမှပေးအပ်သည့် တစ်ပတ်အတွင်း အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သည်။ ယင်းဆုကို ဖာဂူဆန်မှ ကလော့ပ်အားပေးအပ်ခဲ့သည်။

ဖာဂူဆန်နှင့် တွေ့ဆုံခဲ့ပြီးနောက် ကလော့ပ်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

'သူကျွန်တော့်ကို ဂုဏ်ယူကြောင်းပြောပါတယ်။ ပြီးတော့ အေးအေးဆေးဆေး ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ ပြောကြပါတယ်။ ဖာဂူဆန်နဲ့ အကြိမ်အနည်းငယ်တွေ့ဆုံခွင့်ရတာက ကြီးမားတဲ့ ဂုဏ်ယူဖွယ်ရာပါပဲ။ သူက နည်းပြအားလုံးအတွက် စံပြနည်းပြကြီးတစ်ဦးပါ။

သူနဲ့တွေ့ရတာ တကယ်ကို ကျေနပ်စရာကောင်းပါတယ်။ သူက ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူလည်း ဖြစ်ပါတယ်။ ဘောလုံးသမိုင်းကြောင်းမှာ မှတ်တမ်းတစ်ခု ရေးထိုးထားနိုင်သူဖြစ်လို့ တစ်ခါတစ်ရံ ဖာဂူဆန်နဲ့တွေ့ရတာက တကယ်ကို ကောင်းပါတယ်' ဟု ကလော့ပ်က ပြောသည်။

ထို့အပြင် ကလော့ပ်က လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်နှင့် တွေ့ဆုံရသည်မှာလည်း ဖာဂူဆန်နှင့် တွေ့ဆုံရသည်နှင့် တူညီကြောင်း ချီးကျူးပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required