အမေရိကန်နဲ့ ဗြိတိန် နိုင်ငံခြားရေး၀န်ကြီးတွေ သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ရှင်းလင်းပြောဆို

အမေရိကန်နဲ့ ဗြိတိန် နိုင်ငံခြားရေး၀န်ကြီးတွေ သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ရှင်းလင်းပြောဆို
Photo - AFP

မေ ၄

အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်နဲ့ ဗြိတိန် နိုင်ငံခြား‌ရေး၀န်ကြီး ဒေါမနစ် ရာ့ဘ် တို့ဟာ မေလ ၃ ရက်က ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ပြီး မြန်မာနိုင်ငံ အရေးကိစ္စနဲ့ပတ်သက်လို့ ထည့်သွင်းရှင်းလင်းပြောဆိုခဲ့ပါတယ်။

အဆိုပါ အမေရိကန်နဲ့ ဗြိတိန် ၀န်ကြီး နှစ်ဦးရဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းကိစ္စအပြင် မြောက်ကိုရီးယားရဲ့ နျူကလီးယား ဖျက်သိမ်းရေးနဲ့ အာဖဂန်နစ္စတန်က တပ်ဖွဲ့၀င်တွေ ရုပ်သိမ်းမှု ကိစ္စနဲ့ပတ်သက်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး၀န်ကြီး ဘလင်ကန်က ပြောကြားရာမှာတော့  မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်စဲဖို့၊ ထိန်းသိမ်းခံ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းဆီ ပြန်လည်ရောက်ရှိဖို့က အလွန်အရေးကြီးတယ် လို့ ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့အရေးအတွက် အထူးသံတမန်တစ်ဦး ခန့်အပ်မယ့် ကိစ္စအပါအ၀င် အာဆီယံ ၁၀ နိုင်ငံအုပ်စုရဲ့ အားထုတ်မှုနဲ့ပတ်သက်လို့လည်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးက ချီးကျူးသွားခဲ့ပါတယ်။ အဆိုပါ အာဆီယံရဲ့ အထူးသံတမန်ဟာ မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ ဆက်ဆံပတ်သက်ဆောင်ရွက်နိုင်စွမ်း ရှိသင့်တယ်လို့လည်း ဘလင်ကန်က ပြောသွားခဲ့ပါတယ်။

အလားတူ ဗြိတိန်နိုင်ငံခြားရေး၀န်ကြီး ဒေါမနစ် ရာ့ဘ်ကလည်း ၎င်းတို့အနေနဲ့ ဒေသတွင်း ပါတနာတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း၊ မကြာသေးခင်ကလည်း အာဆီယံ နိုင်ငံခြားရေး၀န်ကြီးတွေနဲ့ ဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲ့ အခြေအနေ တိုးတက်ကောင်းမွန်အောင် ဘယ်လိုလုပ်ဆောင်နိုင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့အတွက် ဂျီ-၇ အုပ်စု ဧည့်သည်တွေအပြင် အိန္ဒိယ၊ သြစတြေးလျနဲ့ အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းတို့နဲ့ တွေ့ဆုံဆွေးနွေးနိုင်တဲ့ အခွင့်အလမ်းရထားကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့အရေးအတွက် အရေးယူဒဏ်ခတ်မှုပိုင်းအရရော၊ သံတမန်ရေးရာပိုင်းအရမှာပါ ကြိုးပမ်းအားထုတ်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေး၀န်ကြီးက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly